နေပြည်တော် ဖေဖော်ဝါရီ ၁၇
ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းနှင့် ရွှေထွန်းကုမ္ပဏီလီမိတက်တို့၏ သမဝါယမလယ်ယာ ဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရွှေထွန်းကုမ္ပဏီလီမိတက်မှ ပံ့ပိုးပေးမည့် Mahindra ထွန်စက်(၁)စီးအပါအဝင် နေပြည်တော် ကောင်စီနယ်မြေတွင် သမဝါယမအသင်းပိုင် ထွန်စက်(၄)စီး၊ နိုင်ငံ တော်မှ ပံ့ပိုးပေးထားသည့် ထွန်စက် (၂၁)စီးနှင့် John Deere ကုမ္ပဏီမှ ပံ့ပိုးပေးထားသည့် ထွန်စက်(၁)စီး၊ စုစုပေါင်း ထွန်စက်(၂၇)စီးဖြင့် နွေစပါးစိုက်ပျိုးမည့် အသင်းသား တောင်သူများ၏ လယ်မြေများကို သက်သာသောနှုန်းဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအနေဖြင့် အတူတကွထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ BOD များက ဦးဆောင်၍ အထွက်နှုန်းကောင်းသည့် မျိုး၊ သွင်းအားစုများကို စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းထည့်သွင်းခြင်း၊ စုပေါင်းရိတ်သိမ်းခြင်း၊ စုပေါင်းရောင်းချခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များကိုလည်း အသင်းသားများစိုက်ပျိုးသည့် ဧကအလိုက်ခွဲဝေဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍ ပံ့ပိုးခြင်းaအပြင် အသင်းသားတောင်သူများ စိုက်ပျိုးလိုသည့် မျိူးစပါး၊ ထပ်မံလိုအပ်သည့် သွင်းအားစု၊ စိုက်ပျိုးကုန်ကျစရိတ်များနှင့် စက်ကိရိယာငှား ရမ်းပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ရွှေထွန်းကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းလတ်က လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချမှု အခြေအနေ များကို လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသား တစ်ဦးချင်းအလိုက်၊ အသင်းအစုအဖွဲ့အလိုက် လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေ လှေ့စက်များ ဝယ်ယူနိုင်မည့်အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အသင်း သားတောင်သူများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အသင်းသား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ထွန်စက်များဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု ထွန်ယက်သရုပ်ပြနေမှုကို ကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမအသင်းစုများ၊ ရွှေထွန်းကုမ္ပဏီတို့ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်