နေပြည်တော် ဩဂုတ် ၂၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။  

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၆ ဒသမ ၂၄ ဖာလုံ လမ်းအကျယ် ၁၂ ပေ အမြင့် မြေသားတစ်ပေထုနှင့် ကျောက်ရောမြေ ကိုးလက်မထုခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ တောင်နီကုန်းကျေးရွာတွင် ကျေးရွာတွင်း အရှည် ၂၇၁၀ အကျယ် ၁၂ ပေ ကျောက်ရောမြေ ကိုးလက်မထုခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ကေတုမတီမြို့ အသင်းသား (၃၅) ဦး ပါဝင်သည့် ကေတုမတီ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းလီမိတက်မှ မွေးမြူထားသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါခုံးမ ငါးမျိုးများ မွေးမြူထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချနိုင်မှု၊ ဆေးထိုးသားဖောက်ခြင်းနှင့် ငါးဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အသင်းသားများကို ထောက်ပံ့ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး ထုတ်ကုန်များကို ပိုမိုအမြတ်အစွန်းရရှိရေး တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန်လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများအား မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်အခြေခံအဆောက်အအုံ လုပ်ငန်းများဖြစ်သည့်  ကျေးလက်ရေရရှိရေးလုပ်ငန်း ၃၄၅ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၆၆ မိုင် ၇ ဒသမ ၂၉ ဖာလုံ၊ ကျေးလက် ကုန်ထုတ်တံတား ၁၃၆ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာ ၃၉၃ ရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ ၄၀ နှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၉၈) ကြိမ်တို့ကို အကောင်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်