နေပြည်တော်၊ စက်တင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် ပေါပဲကျေးရွာ၌ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သင်တန်းသူ (၁၀) ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများကလည်း အမှန်တကယ် လုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ အမှန်တကယ် လုပ်ငန်း လုပ်ကိုင်မှု ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများနှင့် သင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကလောမြို့နယ် ဘော်နင်းကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာနေ ပြည်သူများ၏ တင်ပြချက်များကိုပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကလောမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော တောင်မြေခြား - မြောက်မြေခြား ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘော်နင်းကျေးရွာအတွက် ခေတ်မီစံပြကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၅၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၅၀) တို့ကို ကျေးရွာကော်မတီဝင်များထံလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း (၃၀၀) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၃၀၀) တို့ကို သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံ လည်းကောင်း လွှဲပြောင်းပေးအပ်ပြီး ကျေးရွာအတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် သင်တန်းဆင်းပြီး မိုးသောက်ကြယ် ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ် ကျော့မောင်ငယ်ကျေးရွာ ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသား တောင်သူများထံလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကွမ်းခြံအထက်ကျေးရွာနှင့် ကွမ်းခြံကျေးရွာတို့အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၆၀၀) ကို ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်ထံလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ရွာသာရွာကျေးရွာအတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀) ကို ကျေးရွာကော်မတီဝင်ထံလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


