ရန်ကုန် အောက်တိုဘာ ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမတက္ကသိုလ် (သန်လျင်)၊ သမဝါယမ ကောလိပ် (ဖောင်ကြီး)၊ သမဝါယမ အသင်းစုချုပ်၊ မြန်မာ့လက်မှုအနုပညာစင်တာ၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း၊ စက်မှုလက်မှု အလုပ်ရုံတို့မှ တာဝန်ရှိသူများ နှင့် အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမကဏ္ဍ မြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မည့် သမဝါယမလုပ်ငန်းသည် ပြည်သူများ တိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံး၍ အောင်မြင်လျက် ရှိပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ၏ အောင်မြင်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသက် မွေးဝမ်းကျောင်း သင်တန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိ ထိရောက်ရန် လိုအပ်ပြီး ဒေသအခြေအနေနှင့် ကိုက်ညီသော သင်တန်းများကို အလေးထား ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ပြီးပါက သမဝါယမဦးစီးဌာနနှင့် ပူးပေါင်း၍ သမဝါယမ အသင်းဖွဲ့စည်းဆောင်ရွက်ပြီး လိုအပ်သော အရင်းအနှီး၊ စက်ကရိယာ၊ နည်းပညာ ဖြည့်ဆည်းပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုနှင့် လက်ရှိဆောင်ရွက်နေသော   လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးဝင်းအတွင်းရှိ MHC (မြန်မာ့လက်မှုစင်တာ)သို့ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

mdn