နေပြည်တော်၊ မတ် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမ လုပ်ငန်းများနှင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘယက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဘယက်ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမ အသင်းအမှုဆောင်များ၊ အသင်းသားများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် သန်လျင်မြို့နယ်တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် နိုင်ငံတော်သို့ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပေးဆပ်ပြီးစီးမှု အခြေအနေများ၊ နွေစပါးဧက (၈၃၅၀) စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ အထွက်တိုးမျိုးစပါး၊ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပံ့ပိုးထားရှိမှု၊ ရိတ်သိမ်းရန် စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံသီးထပ် (၃) သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွား လာမည်ဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် လိုအပ်သော ထွန်စက်၊ ကောက်စိုက်စက်၊ တိုက်ရိုက်အစေ့ချစက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များကိုလည်း အသုံးပြုရန် လိုအပ်ပါကြောင်း၊ အဆိုပါစက်များကို တစ်ဦးချင်း တစ်ယောက်ခြင်း ဝယ်ယူအသုံးပြုနိုင်ခြင်းမရှိပါက အသင်းအဖွဲ့အနေဖြင့် စုဖွဲ့ဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမ ဦးစီးဌာနတို့ပူးပေါင်းပြီး သက်သာသောအတိုးနှုန်းဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့်လည်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှချေးငွေများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လိုအပ်မှု တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်အစေ့ချစက် (Seeder) များ ပေးအပ်သည်။

mdn

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ အမှတ် (၁) စိုက်ပျိုးရေး၊ မွေးမြူရေးရပ်ကွက်သို့ရောက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် Bakery & Snack သင်တန်းဆင်း၍ စီမံကိန်းမှ လုပ်ငန်းသုံး စက်ကိရိယာများပံ့ပိုးမှုဖြင့် K&T Family နှင့် Glory & Grace Bakery အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့် “ရွှေသရဖူ” အမျိုးသမီး စက်ချုပ်သမဝါယမအသင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အသေးစား ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူများ၊ ရွှေသရဖူအမျိုးသမီး စက်ချုပ်သမဝါယမအသင်းသူများ၏ တင်ပြ ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်