နေပြည်တော် နိုဝင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ငါးဗြေမကျေးရွာရှိ အလင်းရောင် မွေးမြူရေးနှင့် အထွေထွေ သမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွား မွေးမြူသူအသင်းသားများ၊ နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း ပြောကြားပြီး နို့စားနွားမွေးမြူသူ အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 

 

 

ထို့နောက် ငါးဗြေမကျေးရွာ၌ ပုဂ္ဂလိက နို့စွားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ရန်ပုံငွေဖြင့် တိုးချဲ့ဆောင်ရွက်မည့် နို့စားနွားမွေးမြူရေးခြံ တည်ဆောက်မည့်မြေနေရာနှင့် တည်ဆောက်မည့် အစီအမံများကိုလည်းကောင်း၊ သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာခြောက်ရွာ၊ လူဦးရေ ၃၉၀၀၀ ကျော်နှင့် စိုက်ဧက ၂၇၅ ဧကတို့ကို အကျိုးပြု ပေးလျက်ရှိသည့် သနပ်ပင်-အုတ်ဖိုစု ကျေးရွာချင်းဆက်လမ်း ပျက်စီးနေသောလမ်းပိုင်းများကို မြေကြီးတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာ ကြားသည်။ 

ယင်းနောက် သနပ်ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ နို့စားနွားမွေးမြူသူများ၊ နွေစပါးစိုက်တောင်သူများ၊ ဆောင်းသီနှံမြေပဲစိုက် သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများလိုအပ်သည့် မျိုးနှင့်သွင်းအားစု ဓါတ်မြေဩဇာများကို တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများအတွက် အရင်းအနှီးများကိုလည်း သမဝါယမချေးငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ချေးငွေများမှ ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိမ်းသိမ်းကြရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က သန်လျင် မြို့နယ်အတွင်းရှိ သမဝါယမအသင်း (၄) သင်းရှိ အသင်းသားတောင်သူ (၅၈) ဦးတို့၏ စိုက်ဧက ၅၀၀ အတွက် ယူရီးယား ဓါတ်မြေဩဇာ ၈၃၂ အိတ်နှင့် ကွန်ပေါင်းဓါတ်မြေဩဇာ ၁၅၅ အိတ်ကိုလည်းကောင်း၊ ခရမ်းမြို့ နယ်အတွင်းရှိ မြေပဲစိုက်တောင်သူ ၁၀ ဦးတို့၏ စိုက်ဧက ၄၀ အတွက် ယူရီးယားဓါတ်မြေဩဇာအိတ် ၁၅၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်