နေပြည်တော် ဩဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ အလက်စ် ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှား-မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာအရည်အသွေး ကောင်းမွန်စေပြီး စိုက်ပျိုးရေးဆိုင်ရာ အကျိုးအမြတ်ရရှိစေရန်အတွက် ရုရှားနည်းပညာသုံး ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation – MOC) လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ သဘာဝရွက်ဖျန်း မြေဩဇာဆေးရည် တင်သွင်းမည့်ကိစ္စ၊ မြေပြင် တွင်လက်တွေ့ စမ်းသပ်စိုက်ပျိုးသွားမည့်ကိစ္စ၊ တောင်သူအသိပညာပေးရေး ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များရှိပါကလည်း ပံ့ပိုးကူညီမည့်ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)