နေပြည်တော် ဇန်နဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၃ ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ရခြင်း ၏ရည်ရွယ်ချက်မှာ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်သို့ ဖိတ်ခေါ်ပြီး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိကာ လေ့လာရေးခရီးစဉ်မှ ရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်နှင့် သင်တန်းတွင် သတ်မှတ်အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်/ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည် ဖြစ်သည့်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်းနှင့်သန်လျင်)သို့ သွားရောက် လေ့လာ ခြင်းဖြင့် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိရေး ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
သမဝါယမဦးစီးဌာနအနေဖြင့်လည်း သင်တန်းပြီးဆုံးပါက တစ်ပါတည်း အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်း များ၊ ဘဏ်များကို ဖိတ်ခေါ်၍ မိတ်ဆက်ပွဲအခမ်းအနားများ ပြုလုပ်ရန်အတွက် ချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သင်တန်းကာလ(၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အတွက် စားသောက်စရိတ်၊ တူညီဝတ်စုံများအပြင် စာရေးကိရိယာများ၊ အိပ်ယာ၊ ကုတင်၊ ခြင်ထောင် စသည်များကို အခက်အခဲမရှိအောင် အခမဲ့အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနက စီစဉ်ပေးထားပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကို ကြိုးစားသင်ယူပြီး မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကြပြီး လေ့လာရေး ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကပဒေသာဖြင့် ဖျော်ဖြေပြီး ဂုဏ်ပြုညစာအတူ သုံးဆောင်ခဲ့ကြသည်။
လေ့လာရေးကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ပြီးအလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မော်ကွန်းပြတိုက်ကိုလေ့လာကြရာ ပြခန်းတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်ပေါ် လာရေးအတွက် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ထား ရခြင်း၏ သမိုင်းကြောင်းကို Projector ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)သို့ သွားရောက်၍ သတင်းရိုက်ကူးတည်း ဖြတ်ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများ၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကို လေ့လာကြပြီး လေ့လာရေးအဖွဲ့များ၏ရိုးရာအကများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိခဲ့ကြပြီး ပြတိုက်အတွင်း လေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွား လာသည့်တပ် မတော်သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်း ပြသထားသော ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် စစ်ဆင်ရေးမှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေးတပ်မတော်သုံးပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြခန်းများသို့ ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့ပြင် အမျိုးသား ပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်း၊ ပန်းချီ၊ မြို့ဟောင်းပုံစံငယ်များ၊ ပလ္လင်နှင့် နန်းသုံးပစ္စည်းများ၊ လက်မှုအနုပညာများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာပေးရေးအစီအစဉ်များကို သွားရောက် လေ့လာခဲ့ကြပြီး ညပိုင်းတွင်ရေပန်းဉယျာဉ်သို့ သွားရောက်၍ အပန်းဖြေလေ့လာကြည့်ရှုခဲ့ကြသည်။
လေ့လာရေးခရီးစဉ်အတွင်း ယမန်နေ့ နံနက်ပိုင်း၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)သို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)၊ သမဝါယမစာ ရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)နှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)တို့မှ ကျောင်းသား၊ ကျောင်းသူ(၁၁၁)ဦးတို့က သွားရောက်လေ့လာခဲ့ကြပြီး တက္ကသိုလ်မှ ကျောင်းသား/သူများနှင့် လေ့လာရေးခရီးစဉ်မှ ကျောင်းသား/သူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့ပြင် ယမန်နေ့ နံနက်ပိုင်း၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့လည်း သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)နှင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူ(၄၂)ဦးတို့က သွားရောက်လေ့လာခဲ့ကြသည်။
သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) သင်တန်းကျောင်းများအနေဖြင့် လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ (၂)နှစ်သင် တန်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းကျောင်းများသို့ အခြေခံပညာအဋ္ဌမတန်း(စနစ်ဟောင်း)/Grade 10 (စနစ်သစ်) အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ သင်တန်းပထမနှစ်တွင် (Business Accounting (စာရင်းရေး စာရင်းကိုင်ပညာ)၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ)ဘာသာရပ်များနှင့် ဒုတိယနှစ်တွင် Cost Accounting၊ Financial Accounting၊ Computerized Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ) ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းဒုတိယနှစ် အောင်မြင်ပြီးသူများမှ ဘာသာစုံ အောင်မှတ်ရရှိပြီး အထူးပြုဘာသာရပ်များတွင် ဂုဏ်ထူးမှတ်ရရှိသူများနှင့် သင်္ချာဘာသာ ဂုဏ်ထူးမှတ်ရရှိသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာ ဆက်လက်သင်ယူ နိုင်ခွင့်ရရှိမှာဖြစ်ပြီး သင်တန်းကာလ(၂)နှစ် အောင်မြင်ပြီးပါက Certificate in Business Accounting လက်မှတ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်