နေပြည်တော် ဇန်နဝါရီ ၂၂
သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) မှ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးလာရောက်ကြသည့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိကာ လေ့လာရေးခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ပွားများ ခိုင်မာလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် လုပ်ငန်း အတွေ့အကြုံကို တစ်ပါတည်းရရှိစေရန်အတွက် Internship Program များ ထည့်သွင်းရေးဆွဲခဲ့ပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လက်တွေ့လေ့လာ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကိုကြိုးစားသင်ယူပြီး မိမိအတွက် မိသားစုအတွက် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
လေ့လာရေးအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများနှင့်အတူ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဗုဒ္ဓမော်ကွန်း ပြတိုက်တွင် တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို Projector ဖြင့် ရှင်းလင်းပြသသည်။
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်းနှင့် ပန်းချီများ၊ မြို့ဟောင်းပုံစံငယ်များ၊ မြန်မာဘုရင်များ အသုံးပြုခဲ့သည့်ပလ္လင်နှင့် ထီးသုံးနန်းသုံး ပစ္စည်းများ၊ ခေတ်အဆက်ဆက် လက်မှုအနုပညာပြခန်းများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ် ပညာပေးရေး အစီအစဉ်များကို လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့သည် နေပြည်တော်ဗုဒ္ဓဂယာသို့ သွားရောက်၍ မဟာဗောဓိ စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြရာ တာဝန်ရှိသူ ဂေါပကအဖွဲ့က သတ္တသတ္တာဟ ခုနစ်ဌာနဖြစ်သော မဟာဗောဓိပင်နှင့် ရွှေပလ္လင်၊ အနိမိသသတ္တာဟ စေတီတော်၊ စင်္ကမသတ္တာဟ စင်္ကြတော်၊ ရတနာဃရသတ္တာဟရတနာစံအိမ်၊ အဇပါလသတ္တာဟ ဆိတ်ကျောင်းသားတို့ နားခိုရာ ညောင်ပင်၊ မုစလိန္ဒသတ္တာဟရေအိုင်၊ ရာဇယတနသတ္တာဟ လင်းလွန်းပင် နေရာများသို့ လိုက်လံရှင်းလင်းပြသသည်။
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)သို့ သွားရောက် လေ့လာကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့ရုပ်မြင်သံကြား၏ သတင်းရိုက်ကူး တည်းဖြတ်ထုတ်လွှင့်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများကိုလည်းကောင်း၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်မှု အစီအစဉ်များ ကိုလည်းကောင်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ၍ လေ့လာရေးအဖွဲ့ဝင် ကျောင်းသူ များ၏ “ယောသူတို့ရွာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုကို လက်တွေ့မှတ်တမ်း ရိုက်ကူးပြသသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပညာဆက်လက်သင်ယူရန် အခက်အခဲ ရှိသူများကို စာရင်းရေး စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများရရှိနိုင်စေရန် ရည်ရွယ်လျက် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များ၌ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
သတင်းစဉ်


