နေပြည်တော် မေ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့နှင့်အတူ သမဝါယမ စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးများ၊ သမဝါယမအသင်းများနှင့် အသင်းစုချုပ်တို့မှ တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံမှာကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပြီး မိမိတို့ဝန်ကြီးဌာနကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း၊ အသင်းပိုင်မြေ (၆၅၀) ဧကရှိ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်နှင့် အသင်းပိုင်မြေ (၄၁၀)ဧကရှိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများက စိုက်ဧက ရာနှုန်းပြည့် အသုံးချ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ အထွက်နှုန်းတိုးရေး၊ အထွက်တိုးမျိုး အသုံးပြရေး၊ စိုက်ဧက များအား အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ရေး၊ တစ်နှစ် (၃) သီး စိုက်ပျိုးကြရေးနှင့် မိမိတို့အသင်းအဖွဲ့ အောင်မြင်တိုးတက်ရေးတို့အတွက် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကာ ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြား လိုကြောင်း၊ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုအချိန်မီရရှိရေး၊ ဈေးကွက်ရရှိရေးအတွက်လည်း ချိတ်ဆက်ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသင်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စံပြဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင် ဒေသအလိုက် လယ်မြေဧက ၁၀၀၀၀ ကို သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်နေသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်နှင့် ဧရာ့အားမာန် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သမဝါယမစနစ် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ပုဂ္ဂလိကနှင့် သမဝါယမပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချိတ်ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တွင် စတင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ် (၁၀)ကို တွေ့ဆုံ ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို လေ့လာမှတ်သားပြီး အောင်မြင်ရေး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း၊ ဌာနတာဝန် ကျေပွန်ရေး၊ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု ဝန်ထမ်းကောင်းများဖြစ်စေရေး ဆက်လက်ကြိုးစားလေ့လာသင်ယူသွားကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဆောင်ရွက်ကြရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ လိုက်နာနေထိုင်ရန်၊ ပါတီနိုင်ငံရေးကင်းရှင်းရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဝန်ထမ်းသစ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)