နေပြည်တော် မတ် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်ရေး ဦးစီးဌာန (၄)ခု ဝိုင်းဝန်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများအား သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသားတောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product - OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထား ဆောင်ရွက်ခြင်းဖြင့် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးအသိ လုံခြုံရေးသတိတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက်ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်