နေပြည်တော် ဖေဖော်ဝါရီ ၆

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကုန်းခြံကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုပြီးမြောက်အောင်မြင်ခဲ့သည့် တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ် ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေက ကူညီထောက်ပံ့မှုများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ၊ ရပ်စောက်၊ လွိုင်လင်မြို့နယ်များမှ ကျေးရွာ(၃)ရွာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းမှ ရေတားတမံများ၊ စိမ့်စမ်းရေသွယ်ပိုက်လိုင်းများ၊ ရေသန့်စင်စနစ်များ၊ ရေစုကန်များ၊ အိမ်သွယ်ရေတိုင်များအား ရေမီတာစနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စီမံကိန်းဆောင်ရွက်ပေး နိုင်မှုကြောင့် ကျေးရွာ (၃)ရွာရှိ ဒေသခံအိမ်ထောင်စု ၃၆၉ စု၊ လူဦးရေ ၁၆၂၇ ဦးတို့အတွက် ရေကောင်းရေသန့်များကို အချိန်မရွေး၊ ရာသီမရွေး ဖူလုံစွာ ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့‌စေရေး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ရေရရှိရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စနစ်များအား မိမိပိုင် ပစ္စည်းများကဲ့သို့ Ownership Mindset မွေးမြူကာ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ်သုံးစွဲကြရန် အထူးတိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်င သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)က မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ စီမံကိန်းအောင်မြင် ပြီးမြောက်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်မျာ ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပြီး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသော ရေပေးရေး လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

အခမ်းအနားအပြီးအတွင် ညောင်ရွှေမြို့နယ် ကုန်းခြံ(အထက်/အောက်)ကျေးရွာ၊ ရပ်စောက်မြို့နယ်၊ ကျောက်တောခေတ်မီစံပြကျေးရွာ၊ လွိုင်လင်မြို့နယ် ဆင်တောင်ကျေးရွာတို့မှ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရောင်နီဦးစိုက်ပျိုးရေးသမဝါယ အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) သို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ အနေဖြင့် အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးတို့အတွက် ကြိုးစား သင်ယူကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စရပ် များအား အဆင်ပြေအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆရာ၊ ဆရာများ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်