နေပြည်တော် နိုဝင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်လည်းကောင်း၊ ယနေ့တွင် မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ မြိတ်ခရိုင်နှင့် မြို့နယ်တို့မှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။
တွေဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမချေးငွေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်း ချေးငွေပုံစံကို စံနမူနာယူ၍ ချေးငွေများအရင်း မပျောက်စေရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းတံတား၊ ရေပေးရေး၊ မီးလင်းရေး၊ မြစိမ်းရောင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း VDP၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းစသည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း။
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် အမှန်တကယ် အသုံးဝင်သည့် သင်တန်းအမျိုးအစားများကိုသာ ရွေးချယ်ဖွင့်လှစ်ပေးစေလိုကြောင်း၊ ထူးချွန်သည့် သင်တန်းသား/ သူများအားလိုအပ်သော အရင်းအနှီးများအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ချိတ်ဆက်၍ အရင်းအနှီး ဆောင်ရွက်ပေးသွားရန် လိုကြောင်း။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် ဒေသထွက်ကုန်များ ကို ဈေးကွက်အရောက် တင်ပို့နိုင်ရေးအတွက် မြေပြင်တွင် အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေး ဦးစီးဌာန (၄) ခုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးက ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဌာနများမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင် ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်