နေပြည်တော် ဇန်နဝါရီ ၁၄

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့်  ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည်  ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက် သည့် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်း စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနား သို့  တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းနှစ်ခုသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ(၂၀၂၂)၊ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုနှင့် ကျေးရွာပြည်သူ့ထည့်ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အစိုးရ-ပြည်သူ-ပုဂ္ဂလိက သုံးပွင့်ဆိုင်လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြစီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းမှ ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာ(၂) ရွာရှိ  အိမ်ခြေ (၅၄၀) ခန့်၊ လူဦးရေ (၂၇၀၀)တို့၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးများ တိုးတက်လာမည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ် ကြောင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်း ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များကို လည်းကောင်း၊ Mega Global Green Automation ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည်  စီမံကိန်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်အတွင်းရှိ ကံမော် ကြီး၊ ရေငံကြီး၊ ဘာလိအော်၊ အောင်မြန်မာ၊ ကံပုံ၊ မှာတမ်းစသည့်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသား များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု အောင်ဘာ ကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်းနှုန်းတို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေး စားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ၁၂၀ ဒသမ ၆၄ ကီလိုဝပ်၊ ဒီဇယ် ၂၀၀ ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့် တပ်ဆင်ခြင်းအကောင်အထည်ဖော် ဆောင်ရွက် နေမှုကို  ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)