နေပြည်တော်၊ ဇန်နဝါရီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အတူ နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော 7.7 KW Solar & 5.5 HP Surface Pump ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆိုလာစနစ်ရေရရှိရေးကို လက်တွေ့ ဆောင်ရွက်မည့် တောင်သူများ စနစ်တကျ မှန်ကန်စွာကိုင်တွယ် အသုံးပြုတတ်စေရေး သင်တန်း ပို့ချပေးရန်နှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၊ သမဝါယမအသင်း သားတောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ပံ့ပိုးကာတောင်သူများ၏ မိသားစု ဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ တောင်သူများအနေဖြင့် ယခုဆောင်ရွက်ပြီးစီးသည့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို စွမ်းအားပြည့် အသုံးချကာ တစ်နှစ် ၃ သီး စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို သမဝါယမအသင်း အဖွဲ့စနစ်ဖြင့် မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် တောင်သူများက တက်ကြွစွာဖြင့် အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ဆိုလာစနစ် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းအနေဖြင့် အိမ်ခြေ (၂၃၉) အိမ်၊ လူဦးရေ (၈၅၉) ဦးရှိ မန်ကျီးပင်ကျေးရွာမှ စိုက်ပျိုးတောင်သူ (၁၂၀) ၏ မြေဧက (၉၀၀) အနက် တောင်သူ (၅၆) ဦး၏ မြေ (၂၀၇) ဧကကို ရာသီမရွေး စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


