နေပြည်တော် ဒီဇင်ဘာ ၂

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစားသမားများထံ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓာတ်ခံယူချက်မြင့်မားရေး၊ အကောင်းဆုံးသည်ပထမ ဆောင်ပုဒ်အတိုင်း အားကစားအောင်နိုင်ရေး၊ အားကစားဖြင့်ဝန်ကြီးဌာန၏ဂုဏ် မြှင့်တင်ပေးကြရေး၊ ထိုမှတဆင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်သည်အထိ ကြိုးစားကြရန်မှာကြားသည်။

 

ဆက်လက်ပြီး ဒုတိယဝန်ကြီးက အားကစားနည်းများအလိုက် အောင်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ဖြည့်စွက်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်များကို အောင်နိုင်ရေးအလံ ပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များက လက်ခံရယူကြသည်။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက် စသည့် အားကစားနည်းများတွင် အားကစားအဖွဲ့ဝင် (၁၀၀) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါအားကစားသမားများ၏ လေ့ကျင့်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်