နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း အမှုထမ်းများ ပျော်ရွှင်စွာပါဝင်ဆင်နွဲကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန(၄) ခုတို့မှ ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဌာနတွင်း စည်းလုံးညီညွတ်မှုရှိစေရေး၊ ရာသီအလိုက် ရိုးရာပွဲကို တန်ဖိုးထားမြတ်နိုးတတ်စေရေး၊ ဌာနချင်းပူးပေါင်း ဆောင်ရွက်မှုအားပေးမြှင့်တင်ရေးတို့အတွက် ယခုကဲ့သို့ ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့်ဦးစီးဌာန အသင်း များကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)