နေပြည်တော် အောက်တိုဘာ ၂၇
ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်း များ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများနှင့်တွေ့ဆုံ
ဦးစွာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ့ ဗိမာန်ခန်းမ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည့် ကျောင်းသူများနှင့် တွေ့ဆုံသည်။
ထို့နောက် ပါဝင်နွှဲပျော်ဂုဏ်ယူဖွယ်ရာ အမျိုးသားအားကစားပွဲတော် Video Clip ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇ )ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မှတ်တမ်းနှင့် ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် Video Clip ကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကျင်းပမည့် အားကစားပွဲတော်သည် ပြည်တွင်း၌ ကျင်းပသည့် ပွဲတော်ဖြစ်သော်လည်း နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ကဏ္ဍအလိုက် နယ်ပယ်အသီးသီးမှ လူဦးရေ ၁၂၀၀ ကျော်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျောင်းသူများအနေဖြင့် ပွဲတော်ကြီး၏ ကျရာကဏ္ဍမှ စိတ်အားထက်သန်စွာဖြင့် အကောင်းဆုံးပါဝင် ဖျော်ဖြေ တင်ဆက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်ကဏ္ဍနှင့် ပညာရေးကို အမြဲအားပေး ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်က အားကိုးရပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်ကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဟာသပညာရှင် ဒိန်းဒေါင်တို့က ကျောင်းသူများကို အားပေးစကား ပြောကြားပြီး ဒိန်းဒေါင်က “ဆု” သီချင်းဖြင့် သီဆိုဖျော်ဖြေရာ ကျောင်းသူများက ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “လှပချစ်စရာ တို့ရွှေမြန်မာ” သီချင်းနှင့် အတူ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်သည်။
ထိုမှတစ်ဆင့် ပျဉ်းမနားမြို့နယ် မင်္ဂလာရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စိုးမြင့်မိုရ် ခန်းမ၌ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး Video Clip များကို ပြသကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အားပေးစကားပြောကြား၍ ဒိန်းဒေါင်က “ညမွှေးပန်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ကျောင်းသူများက ပါဝင်ဆင်နွှဲကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ “လှပချစ်စရာ တို့ရွှေမြန်မာ” သီချင်းနှင့်အတူ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အကနည်းပြ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းသူဦးရေ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် “လှပချစ်စရာ တို့ရွှေမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲ အခမ်းအနားတွင် “ရွှေပြည်တော်သို့တို့အတူ” သီချင်းဖြင့်လည်းကောင်း အကအလှများဖြင့်တွဲဖက်၍ ပါဝင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ၏ အကအလှများ ဖြင့် ဖျော်ဖြေတင်ဆက်မှုများ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသား အားကစားပွဲတော် အလံကို Free Fall ဖြင့် ကွင်းအတွင်း သယ်ဆောင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ပြကွက်များ၊ မီးရှူးမီးပန်း အလှဆင် ပစ်ဖောက်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့် အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာ ရှိသော လူငယ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက် လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစား ကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ဝန်ကြီး ဌာနအဆင့်တွင် အားကစားနည်း ခြောက်မျိုးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်တွင် အားကစားနည်း ၂၃ မျိုးဖြင့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


