နေပြည်တော် မေ ၂

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအဆောင်များအနက် အပြာရောင်အဆင့် သတ်မှတ်ထားသည့် အပျိုဆောင်များ၌ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ပြန်လည် နေထိုင်လျက်ရှိသည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

 

အခြေအနေများမေးမြန်း

ဦးစွာ ငလျင်ဒဏ်ခံရ​သော်လည်း ထိခိုက်ပျက်စီးမှုနည်းပါးပြီး ပြန်လည်နေထိုင်နိုင်သည့်အတွက် အပြာရောင်အဆင့် သတ်မှတ်ထားသော ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်အတွင်းရှိ သဇင်(၇)နှင့် သဇင်(၁)အပျိုဆောင်တို့၌ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ငလျင်ဒဏ် ကြောင့် အဆောက်အအုံများထိခိုက်ခဲ့မှု၊ ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိမှုနှင့် နေထိုင် စားသောက်မှု၊ လျှပ်စစ်မီးနှင့်ရေ ပြန်လည်ရရှိမှု အခြေအနေများကို မေးမြန်းသည်။

 

လိုအပ်သည်များဖြည့်ဆည်း

ထို့​နောက် ပြည်ထောင်စု ဝန်ကြီးက ငလျင်ဒဏ်သင့်ဒေသများရှိ အပျက်အစီးများကို နိုင်ငံတော်က ဖယ်ရှားရှင်းလင်းပေး​နေမှု၊ နိုင်ငံတကာနှင့်ပြည်တွင်း အဖွဲ့အစည်းများပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိ အချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းများ အတွက်လည်း နိုင်ငံတော်ကလိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးနေမှု၊ ငလျင်နှင့် ပတ်သက်သည့် သတင်းတု၊ သတင်းမှားများကိုရှောင်ရှား၍ သတင်းမှန်များကို စောင့်ကြည့်လိုက်နာ ဆောင်ရွက်စေလိုမှု၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကာ အသိ၊ သတိတို့ဖြင့် ဂရုပြုနေထိုင်ကြရန်လိုအပ်မှုနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကိုလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်ဖြင့် ကြိုးပမ်းထမ်းဆောင်ကြစေလိုမှု အခြေအနေများကို အားပေး တိုက်တွန်းပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်