ရန်ကုန် မေ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(A)၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မကြာမီထုတ်လွှင့် ပြသမည့် (၃၈) ဖြာမင်္ဂလာအစီအစဉ်ကို ကြိုတင်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက (၃၈)ဖြာမင်္ဂလာအစီအစဉ် ရိုက်ကူးရာတွင် အသုံးပြုသည့် ဆက်တင်ပစ္စည်းများ(အပေါ်ပုံ)နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင်များ၏ ရုပ်ပုံလွှာများပြသထားမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် သဘင်ပညာရှင် ဦးနန်းဝင်းက (၃၈)ဖြာမင်္ဂလာအစီအစဉ် ရိုက်ကူးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက်လာကြသူများက (၃၈)ဖြာမင်္ဂလာ အစီအစဉ်အနက် အသေဝနာစဗာလနံ၊ ပတိရူပဒေသဝါသောစနှင့် ဗြဟ္ဇာစရိယဉ္စ အစီအစဉ်တို့ကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် (၃၈)ဖြာမင်္ဂလာအစီအစဉ်နှင့် စပ်လျဉ်း၍ စီစဉ်တင်ပြသူ သဘင်ပညာရှင် ဦးနန်းဝင်းနှင့်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရည်ရွယ်၍ (၃၈)ဖြာ မင်္ဂလာအစီအစဉ်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အခြေခံ ကျောင်းသား ကျောင်းသူ များဖြင့် ရိုက်ကူးတင်ဆက်မှုများကို ၁၉၉၀ ပြည့် လွန်နှစ်များတွင်လည်း ဆောင်ရွက်ခဲ့ဖူးပြီး ယခု အခါ (၃၈) ဖြာ မင်္ဂလာအစီအစဉ်များကို သဘင်ပညာရှင်များ၊ အနုပညာရှင်များဖြင့် ဖျော်ဖြေရေး အစီအစဉ်ကောင်းတစ်ခုအဖြစ် ဆန်းသစ်ရိုက်ကူး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါအစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီ တင်ဆက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)