ရန်ကုန် ဇွန် ၂၇

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့က ကြီးမှူးကျင်းပသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲ ခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သာကေတမြို့နယ် လူငယ်စင်တာ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရုပ်ရှင်၊ ဂီတမှအနုပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လူငယ့်အားမာန်စာကြည့်တိုက်တွင် လူငယ်များစာပေဖတ်ရှုနေမှု၊ ပန်းချီရေးဆွဲခန်း၌ အနုပညာပန်းချီများ ရေးဆွဲနေမှု၊ ကာယလေ့ကျင့်ခန်းအတွင်း ကာယလေ့ကျင့်နေမှုနှင့် ကွန်ပျူတာခန်းအတွင်း လေ့ကျင့်သင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပညာရေးကော်မတီနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လူငယ်မောင်မယ်များက“လူငယ် ဆိုတာ”နှင့် “လူငယ်စွမ်းရည်” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး “မြေငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံသားတို့၏ စွမ်းရည်မွန်မြတ်သည့် ဂုဏ်ဒြပ်နှင့် အနာဂတ် လူငယ်အုတ်တစ်ချပ် သဲတစ်ပွင့်” Video Clip တို့ကို ပြသသည်။

ယင်းနောက် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူငယ်များသည် နိုင်ငံ၊ မိဘနှင့် လူမှုအသိုက်အဝန်းကို ချစ်ခင်မြတ်နိုးရန်လိုအပ်ပြီး ကြားစကားများကို သတိထားရမည်ဖြစ်ကာ စာပေကို ဖတ်ရှုမှတ်သား၍ မိမိဘဝတိုးတက်ရန်နှင့် ဝေဖန်ပိုင်းခြားနိုင်ရန် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ဆူရှီကုမ္ပဏီလီမိတက်က လူငယ်စင်တာအတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူငယ်စင်တာအတွက် လူထုသိပ္ပံကျမ်းနှင့် မှန်နန်းရာဇဝင်စာအုပ်တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လက်ခံသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လူငယ်များအတွက် MRTV DTH စလောင်း ၂၀ ကို မဲဖောက်လှူဒါန်းပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကော်မတီမှ လူငယ်မောင်မယ်များက“ပန်းတိုင်း ပွင့်ပါစေ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေနှင့် ပန်းခြင်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက်အားပေးကြသည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြို့နယ်ဂီတအစည်းအရုံးများမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဂီတလောကမှ အနုပညာရှင်ကြီး များအပါအဝင် ဂီတအနုပညာရှင်များ၊ ဖိတ်ကြားထားသည့် စာပေ၊ ရုပ်ရှင်နှင့် သဘင်အနုပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာမှ လူငယ် ၅၀ နှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

တေးဂီတဖျော်ဖြေပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်မွန်အဖြစ် ကျောက်စီပန်းချီကားကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်ထံ ပေးအပ်သည်။

ထို့နောက် တေးဂီတဖျော်ဖြေပွဲကို အစီအစဉ်အတိုင်းကျင်းပရာ နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် နွဲ့ယဉ်ဝင်း၊ ဂျက်မြသောင်း၊ L ဆိုင်းဇီ၊ ရဲထိုက်၊ မေလသံစဉ်၊ သဟာအောင်၊ မင်းစည်သူ၊ JB ၊ နိုနို၊ မိုးသူနှင့် နှင်းနှင်းအောင်တို့က စုစုပေါင်းတေးသီချင်း ၁၄ ပုဒ်ဖြင့် သီဆိုဖျော်ဖြေကြသည်။

နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို မြန်မာနိုင်ငံ ဂီတနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် တိုင်းရင်းသားပြည်သူများ၏ တိုင်းချစ်ပြည်ချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကိုမြှင့်တင်ပေးခဲ့ကြသော သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြသည့် ဂီတပညာရှင်ကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို မြန်မာနိုင်ငံဂီတနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ MRTV– HD channel နှင့် MRTV Enter-tainment channel တို့မှ Friday Night Live Show အဖြစ် တိုက်ရိုက် (Live)ရိုက်ကူးထုတ်လွှင့်ပြသခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်