ရန်ကုန် မေ ၉

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌများ နှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။

 

ထိခိုက်နစ်နာနေ

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင် မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဆောင်ရွက်နေကြ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အပြစ်မဲ့ပြည်သူအချို့ကို ဒလန်ဟုစွပ်စွဲကာ အကြောင်းမဲ့သတ်ဖြတ်မှုများ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ လူပုဂ္ဂိုလ်အချို့၏ မမှန်မကန် သွေးထိုးမြှောက်ပင့်မှုများကြောင့် ဒီမိုကရေစီနှင့် မယဉ်ပါးသေးသည့် လူငယ်လူရွယ်အချို့ လမ်းမှားရောက်ကာ ၎င်းတို့၏ အနာဂတ်များ ထိခိုက်နစ်နာနေသည်ကို တွေ့မြင်နေရပါကြောင်း။

 

နည်းလမ်းများဖြင့် ဆောင်ရွက်

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အသိအမြင်၊ အတွေးအခေါ်မှန်ကန်ပြီး နေ့စဉ်လူမှုဘဝများကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် မိမိတို့၏ သတင်းမှန်ထုတ်ပြန်ရေး လုပ်ငန်းများကို မသမာသူများက ဟန့်တား နှောင့်ယှက်နေကြပါကြောင်း၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအမည်ခံ အဖျက်သမားများက ၎င်းတို့၏ မဟုတ်မမှန်ဝါဒဖြန့် ပြောဆိုမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် သတင်းအချက်အလက် ဖြန့်ဝေသည့် သတင်းမီဒီယာ လုပ်ငန်းများကို ဟန့်တား နှောင့်ယှက်နေကြောင်း၊ မိမိတို့၏ မီဒီယာလုပ်ငန်းများကို မည်သို့ပင် ဟန့်တားနှောင့်ယှက်စေကာမူ နိုင်ငံနှင့်ပြည်သူ့အတွက် နည်းလမ်းမျိုးစုံဖြင့် မိမိတို့ ကြိုးပမ်းဆောင်ရွက်နေမည် ဖြစ်ကြောင်း။

 

စီစဉ်ဆောင်ရွက်လျက်ရှိ

 

ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား သတင်းအချက်အလက် ထုတ်ပြန်ရေး လုပ်ငန်းများသာမက လူငယ်လူရွယ်များ၏ စာရိတ္တကောင်းမွန်စေရေးနှင့် စိတ်နေသဘောထား မှန်ကန်ကောင်းမွန်စေရေးအတွက် ပြည်သူ့နီတိနှင့် ၃၈ ဖြာ မင်္ဂလာတို့ကို ဇာတ်သဘင်ပညာရှင်များနှင့် ပူးပေါင်း၍ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်များအနေဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေအပေါ် မှန်ကန်စွာ သိမြင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးအတွက် လုပ်ကိုင်ဆောင် ရွက်ပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အေးချမ်းတည်ငြိမ်မှု ရှိစေရေးအတွက် ဆောင်ရွက်မှုအခြေအနေများနှင့် သတင်းမီဒီယာသမားများက ကျင့်ဝတ်သိက္ခာစောင့်ထိန်း၍ သတင်းတု၊ သတင်းမှားများ ဝိုင်းဝန်း တိုက်ဖျက်ပေးရန် လိုအပ်နေမှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

 

ဆွေးနွေးတင်ပြ

 

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) နှင့် ကောင်စီဝင်များက သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးတင်ပြကြသည်။

 

ပိုမိုရေးသားထုတ်ဝေ

 

မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့များမှ စာပေပညာရှင်ကြီးများနှင့် တွေ့ဆုံ၍ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် သတင်းပြန်ကြားရေး လုပ်ငန်းများ အခြေအနေနှင့် စာဆိုဗိမာန် အဆောက်အအုံ တည်ဆောက်ရေး အခြေအနေများကိုလည်းကောင်း၊ အနာဂတ်ကို တာဝန်ယူကြမည့် လူငယ်များအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အနုပညာဗဟိုဌာန အဆောက်အအုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာပေကောင်းများကို ပိုမိုရေးသား ထုတ်ဝေပေးရန် တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် စာပေ ပညာရှင်ကြီးများက အမျိုးသားစာပေဆုဆိုင်ရာ ရွေးချယ်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်