နေပြည်တော်   ဧပြီ    ၁၀

 

ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊  ပြည်သူများ  မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ရေးအတွက်   နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား  -တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ  စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ  စည်ကား သိုက်မြိုက်စွာ   ကျင်းပသွားမည် ဖြစ်သည်။

 

နေပြည်တော်   လမ်းလျှောက်သင်္ကြန်    ကျင်းပရေးကော်မတီဥက္ကဋ္ဌ    ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို    ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန်   ဘေးကင်းလုံခြုံစွာနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေကြ သည့် ဝန်ကြီးဌာနများနှင့် Brilliant Aura Co.,Ltd. တို့မှ တာဝန်ရှိသူများနှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်   ကွပ်ကဲရေးမဏ္ဍပ်၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက   မိမိတို့ဝန်ကြီးဌာန အလိုက်  တာဝန်ယူထားသည့် သင်္ကြန် မဏ္ဍပ်များ၌ ပြည်သူများ လွတ်လပ်စွာ ရေကစားနိုင်စေရေး စနစ်တကျ  ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊   ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် အနုပညာ ရှင်များလည်း   ပါဝင်ဆင်နွှဲသွား မည်ဖြစ်သကဲ့သို့   ဝန်ကြီးဌာန အလိုက်   ယိမ်းအဖွဲ့များလည်း အလှည့်ကျ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ပါကြောင်း။

 

လမ်းလျှောက်    သင်္ကြန်သို့ လာရောက်မည့်    ဝန်ထမ်းနှင့် မိသားစုများ၊   မိဘပြည်သူများ စည်းကမ်းတကျ   ဖြစ်စေရေးနှင့် မလိုလားအပ်သည့် ဘေးအန္တရာယ် များ   မကျရောက်စေရေးအတွက် လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ကြီး ဌာနများအလိုက် လုံခြုံရေးအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လမ်းလျှောက်    သင်္ကြန်တွင် ကျွေးမွေးမည့်    စတုဒိသာနှင့် ဈေးဆိုင်ခန်းများတွင်   ရောင်းချ မည့်  အစားအသောက်များအား သန့်ရှင်းလတ်ဆတ်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရန်   လိုအပ် ပါကြောင်း၊ လမ်းလျှောက်သင်္ကြန် ကျင်းပမည့်   ဧရိယာအတွင်း မီးဘေးအန္တရာယ်   မဖြစ်ပေါ်စေ ရေးနှင့်  ရေပြတ်တောက်မှု မရှိစေရေးကိုလည်း  စီမံဆောင်ရွက် ထားရမည်ဖြစ်သကဲ့သို့ ကျန်းမာရေးဆိုင်ရာ   စောင့်ရှောက်မှုများကိုလည်း   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်  လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ဝန်ကြီး ဌာနများအလိုက်   မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ် တည်ဆောက်နေမှု၊   တိုင်းရင်းသားသင်္ကြန်ဇုန် အတွင်း  တိုင်းရင်းသားရေကစားမဏ္ဍပ် ဆောက်လုပ်နေမှု၊ လူငယ်များ ပျော်ရွှင်စွာ ရေကစားနိုင်ရန် အတွက်  လူငယ်  Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့်   လူငယ်ဇုန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေး အန္တရာယ်      မဖြစ်ပေါ်စေရေး၊     ရေပြတ်တောက်မှု မရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု    ပေးနိုင်ရေးနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး နေပြည်တော် လမ်းလျှောက်သင်္ကြန်  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန် ယူထားသည့်ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို    အချိန်မီပြီးစီး အောင်  ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

 

နံနက်ပိုင်းကလည်း  လုံခြုံရေး ဆပ်ကော်မတီဥက္ကဋ္ဌ  ပြည်ထဲရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဗိုလ်ချုပ်    ဇင်မင်းထက်သည် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ    အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန  မဏ္ဍပ်များ၏ စည်းကမ်းထိန်းသိမ်းရေး အရာရှိကြီးများဖြင့် လုံခြုံရေး ဆောင်ရွက်မည့်အစီအမံများ ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပြီး လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သတင်းစဉ်