နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။

 

တက်ရောက်

 

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး-မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ မှတ်တမ်း ဗီဒီယိုကို ပြသသည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူများအား အသိအမြင်လွဲမှားစေရန်နှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် မီဒီယာအချို့က သတင်းတု၊ သတင်းမှားများကို ရေးသားဖော်ပြလျက်ရှိပါကြောင်း၊ ထို့ကြောင့် သတင်းမှန်များ သိရှိစေရန်အတွက် မိမိတို့ဝန်ကြီးဌာနက ရေးသားထုတ်ပြန်သည့် သတင်းစာများ၊ website များကို ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေများကို အသိတရားဖြင့် ရှုမြင်သုံးသပ်၍ ယုံကြည်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ တစ်သားတည်းရှိရန်လည်း လိုအပ်ပါကြောင်း။

 

ဒုစရိုက်မှုအမျိုးမျိုး ကျူးလွန်နေ

 

 ၁၉၈၈ ခုနှစ်က မိမိတို့နိုင်ငံတွင် မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံသားများ၏ ဂုဏ်သိက္ခာကျဆင်းရုံသာမက ကမ္ဘာတွင် အရှက်ရစေခဲ့ပါကြောင်း၊ ယခုတွင်လည်း အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ပြီး ဒုစရိုက်မှုအမျိုးမျိုး ကျူးလွန်နေကြပါကြောင်း။

 

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လူငယ်နှင့်ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ဘာသာရပ်များကို ကြိုးစားသင်ယူ၍ အနာဂတ်တွင် မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်တို့ဖြင့် အကြမ်းဖက်မှုများကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်အတွက် မိမိနှင့်သက်ဆိုင် သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရန်လိုပါကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ် နိုင်ငံတော်၏ သားကောင်း ရတနာများဖြစ်၍ မိမိတို့တန်ဖိုးထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကအားထားရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနန်းဆိုင်ဟွမ် က ကျေးဇူးတင်စကားပြောကြားသည်။

 

mdn

 

မဲဖောက်ပေး

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား MRTV DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box ၆၅ လုံးတို့ကို မဲဖောက် ၍ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်