ရန်ကုန် ဒီဇင်ဘာ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများဖြစ်သည့် CCTV သတင်းဌာန၊ People’s Daily သတင်းဌာန၊ Guanming Daily သတင်းဌာနနှင့် Xinhua News Agency တို့မှ သတင်းထောက်များအား Online မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တည်ငြိမ်ရေးနှင့် လုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ဖြေကြားကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်များကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်းလုံခြုံရေးအတွက်လည်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် တည်ငြိမ်မှု အဆင့်တစ်ခုကို ရရှိလာပြီဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးကြီးပါ ကြောင်း။
မြန်မာနိုင်ငံအစိုးရအနေဖြင့် မိမိနိုင်ငံ၏ အိမ်နီးချင်း အဓိကကုန်သွယ်မှု မိတ်ဖက်တရုတ်နိုင်ငံနှင့် ဖွံဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦ စီမံကိန်းများကို စောစီးစွာ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲသို့ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း မြန်မာနိုင်ငံအတွက် လိုအပ်လျက် ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အများဆုံး ကူညီပံ့ပိုးပေးခဲ့သည့် တရုတ်နိုင်ငံနှင့် ပြည်သူများအား နိုင်ငံတော်အစိုးရကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အပါအဝင် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ အခြေအနေကြောင့် နိုင်ငံတကာတွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ နှောင့်နှေးလျက်ရှိရာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းဌာနများမှ သတင်းထောက်များက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses ၁၀ သန်းအား မြန်မာနိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူစာချုပ် လက်မှတ်ရေထိုးပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန် )ရုံး စတူဒီယို (၂) ၌ ဟားစတိုင်အငြိမ့်အဖွဲ့က လွတ်လပ်ရေးနေ့ဂုဏ်ပြု အငြိမ့်အစီအစဉ် ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် စတူဒီယို(၁)တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ အစီအစဉ်ရိုက်ကူးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်


