ပဲခူး ဇန်နဝါရီ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ဖြန့်ချိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

မီဒီယာအဆိပ်သင့်မှုအန္တရာယ် မှတ်တမ်းဗီဒီယိုပြသ

ရှေးဦးစွာ တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုများကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ မိမိအနေဖြင့် ယခုတွေ့ဆုံပွဲတွင် ပထမဆုံးပြောကြားလိုသည်မှာ ပဲခူးတိုင်းဒေသကြီးသည် ယခင်ကာလများထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာနေသည့် မြင်ကွင်းများကို မြင်တွေ့လိုပါကြောင်း၊ သို့ရာတွင် မသမာသူများက မီဒီယာအဆိပ်သင့်အောင် သတင်းတု၊ သတင်းမှားများ လွှင့်ထုတ်ကာ တည်ငြိမ်မှုပျက်ပြားအောင် ဆောင်ရွက်နေကြပါကြောင်း။

ယနေ့အချိန်တွင် ပြည်ပအထောက်အပံ့ရယူထားပြီး ပြည်ပ ဩဇာခံယူနေသော မီဒီယာကြီးများက မိမိတို့နိုင်ငံနှင့် ပြည်သူများကို သတင်းမှားများ ထုတ်လွှင့်ကာ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များ ဆောင်ရွက်နေကြသည်ကို ပြည်သူများအားလုံးက ဝေဖန်ပိုင်းခြားသိမြင်ကြရန်လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် သတင်းမှန်များ သိရှိစေရန်အတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းစာများ၊ Website များ၊ လူမှုကွန်ရက် စာမျက်နှာများ၌ ဖတ်ရှုပေးကြရန်လိုအပ်ပါကြောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်း ပြည်ပမီဒီယာကြီးများက သတင်းတု၊ သတင်းမှားများ လွှင့်ထုတ်ကာ အချင်းချင်းစည်းလုံး ညီညွတ်မှုပြိုကွဲအောင်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြသည်ကို သင်ခန်းစာယူကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလို

နိုင်ငံတော်၏ ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင်ကူညီပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍကို အလေးထားပြီး လူငယ်များအား မှန်ကန်သော လမ်းကြောင်းပေါ်ရောက်အောင် ဘက်စုံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းပေးကြစေလိုပါကြောင်း ပြောကြား သည်။

MRTV DTH စလောင်းနှင့် DVB T2 Set Top Box များ ပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်၊ ကျေးရွာများအတွက် MRTV DTH စလောင်း ခုနစ်စုံနှင့် DVB T 2 Set Top Box အလုံး ၁၀၀ ကို ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်အားလည်းကောင်း၊ တပ်နယ် မိသားစုများအတွက် MRTV DTH စလောင်း သုံးစုံနှင့် DVB T 2 Set Top Box အလုံး ၁၀၀ ကို အမှတ် (၇၇) ခြေလျင်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး မိုးမြင့်ထွန်းအားလည်းကောင်း ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးနှင့် သတင်းမှန်များ ဖြန့်ချိရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ရောက်ရှိပြီး နန်းတော်ကြီးအား ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ဟံသာဝတီရှေးဟောင်းသုတေသန ပြတိုက်တို့ကို ကြည့်ရှုလေ့လာသည်။

ကမ္ဘောဇသာဒီမြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်သုတေသနပြု တူးဖော်ခဲ့ရာ ထု ၃ ပေ ၆ လက်မရှိသည့် အုတ်စီအုတ်ရိုးများ ၁၄ ပေ ၆ လက်မစီခြား၍ တည်ဆောက်ထားသော ကျွန်းတိုင်လုံးအကြွင်းအကျန် ၅၀ နှင့် တိုင်နေရာနှစ်ခုတို့ကို တွေ့ရှိခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝန်းဆောင်၊ လက်ယာဝန်းဆောင်နှင့် ဓနုဆောင်တို့ ပုံစံတူပြန်လည် တည်ဆောက်ရေးအတွက် အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ၁၉၉၅ ခုနှစ် မတ် ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူတည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့ မြို့မဈေးအပေါ်ထပ်ရှိ MSME အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများက ထုတ်လုပ်သည့် ပစ္စည်းများနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)တို့ကို ကြည့်ရှုလေ့လာ သည်။

ဈေးနှုန်းချိုသာစွာရောင်းချ

အဆိုပါ MSME အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ မြို့နယ်များမှ ထွက်ကုန်ပစ္စည်းများသာမက တိုင်းဒေသကြီး အနောက်ပိုင်းရှိ မြို့နယ်များ၏ ထွက်ကုန်ပစ္စည်းများကိုပါ ခင်းကျင်းရောင်းချထားပြီး ပြင်ပဈေးနှုန်းထက် ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးမြို့ ဥဿာမြို့ သစ် ၂ ရပ်ကွက်ရှိ Agro Future Myanmar Co.,Ltd က ထုတ်လုပ်လျက်ရှိသော လက်ဆွဲကောက် စိုက်စက်ထုတ်လုပ်ရောင်းချနေမှု ကို ကြည့်ရှုအားပေးသည်။

အဆိုပါ လက်ဆွဲကောက်စိုက်စက်သည် စက်၏ကိုယ်ထည်ကို ခိုင်ခံ့အောင် Steel နှင့် ပြုလုပ်ထားပြီး သယ်ယူပို့ဆောင်ရာတွင် ပေါ့ပါးခြင်း၊ ဆီစားနှုန်းသက်သာခြင်း၊ တစ်ရက်လျှင် ငါးဧက စိုက်ပျိုးနိုင်ခြင်း၊ မြန်မာနိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပမှ ဝယ်ယူခြင်းထက် ဈေးနှုန်းသက်သာမှုရှိပြီး ခြောက်လအာမခံစနစ်ဖြင့် ရောင်းချမှု၊ ယုံကြည်စိတ်ချရမှုတို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပဲခူးမြို့ ညောင်အင်းစက်မှုဇုန်ရှိ Bago Sports Glo-ves Co.,Ltd သို့ သွားရောက်၍ အားကစားလက်အိတ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာသည်။

တစ်လလျှင် လက်အိတ်နှစ်သိန်းခန့် ထုတ်လုပ်တင်ပို့လျက်ရှိ

Bago Sports Gloves Co., Ltd သည် ဂျပန်နိုင်ငံရှိ The Naigai Corporation က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့်စက်ရုံဖြစ်ပြီး အလုပ်သမား ၇၆၂ ဦးဖြင့် Callaway, Addidas, Mizuno, Bridgestone, Taylormade အစရှိသည့် တံဆိပ်များဖြင့် ဂေါက်လက်အိတ်များကိုလည်းကောင်း၊ Addidas, Maru-cci, Asics, Japana အစရှိသည့် တံဆိပ်များဖြင့် Baseball လက်အိတ်များကိုလည်းကောင်း၊ CMP စနစ်ဖြင့် တစ်လလျှင် လက်အိတ်နှစ်သိန်းခန့် ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်များကို ရောက်ရှိလေ့လာစဉ် မိမိအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် MSME လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ရမည်ဟု ခံယူထားပါကြောင်း၊ ယခုလာရောက်ကြည့်ရှုရခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သိရှိစေရန် လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်