ရန်ကုန်၊ ဇန်နဝါရီ ၁၅

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌  ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုလူငယ် မောင်မယ်များ  လေ့ကျင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဗဟန်းမြို့နယ် ဖိုတိုလစ်သိုပုံနှိပ် စက်ရုံတွင် ကျောင်းသုံး စာအုပ်များ ပုံနှိပ်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တွင်တည်ဆောက်မည့် စာဆိုဗိမာန် အဆောက်အအုံ မြေနေရာတို့ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ လေ့ကျင့်ဆောင်ရွက်နေသည့် ရွှေကြိုမောင်မယ်များအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ယနေ့သည် မြန်မာ့ရုပ်ရှင်လောကအတွက် အနုပညာရှင်များ အားသစ်လောင်းသည့် နေ့တစ်နေ့ဟု ပြောလိုပါကြောင်း၊ ရွှေကြိုမောင်မယ်များသည် လူငယ်များဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုးအားထား ပြုနိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း ကောင်းမွန်စေရန် ယခုကတည်းက ဖြည့်ကျင့်ဆောင်ရွက်ကြ စေလိုကြောင်း၊ နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်ရေးအတွက် အလေးထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့သည် နောင်တစ်ချိန်တွင် အောင်မြင်သည့် အနုပညာရှင်များဖြစ်စေရ မည်ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကြိုးစားဆောင်ရွက်ရန်လိုသကဲ့သို့ ဥပဒေ စည်းကမ်းများကိုလည်း လေးစားလိုက်နာရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံကိုအကျိုးပြုသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း။

 

အချို့အနုပညာရှင်များသည် အောင်မြင်မှုကို အခွင့်ကောင်းယူ၍ ပြည်သူများအပေါ် မလျော်မကန် ပြုကျင့်ဆောင်ရွက်မှုများ၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှား ကာ ရပ်တည်လှုပ်ရှားနေမှုများကို တွေ့မြင်နေရ၍ လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ ၎င်းတို့အား သင်ခန်းစာယူ၍ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ပြီး ရုပ်ရှင်လောကကို ကောင်းကျိုးပြုနိုင်မည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားကာ ရွှေကြိုလူငယ် မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

mdn

 

ထို့နောက် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ပုံနှိပ်ရေး နှင့်ထုတ်ဝေရေးဦးစီးဌာန ဖိုတို လစ်သိုပုံနှိပ်စက်ရုံသို့ သွားရောက်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်အရည်အသွေး ကောင်းမွန်ရေးနှင့် သက်ဆိုင်ရာ နယ်မြေများသို့ အချိန်မီပို့ဆောင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြန်ကြားရေး ဝန်ကြီးဌာနကိုယ်စား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဗိုလ်တထောင်ခရိုင် မင်္ဂလာ တောင်ညွန့်မြို့နယ် ဥယျာဉ် ရပ်ကွက် (မြေတိုင်းရပ်ကွက် ၁၈-အေ) ရှိ မြေဧရိယာ ၃၁ ဒသမ ၀၈၉ ဧက အနက်မှ စာဆိုဗိမာန် အဆောက်အအုံ သုံးထပ် (RC) တည်ဆောက်မည့် မြေဧရိယာ ၂ ဒသမ ၁၈ ဧက မြေနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောက်လုပ်ရေး ဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူရေးဆွဲပေးထားသည့် စာဆိုဗိမာန်အဆောက်အအုံ သုံးထပ် (RC) ဒီဇိုင်းပုံစံငယ်နှင့် မြေနေရာအကျယ်အဝန်းနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံဟောင်းများစာရင်းတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေး ဆရာများကို အသိအမှတ်ပြုချီးမြှင့်ရာ ရောက်စေမည့် စာဆိုဗိမာန် တစ်ခုအောင်မြင်စွာ ပေါ်ပေါက်ဖြစ်ထွန်းလာစေရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်မှုပြုထားသည့်အတွက် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

 

အဆိုပါ စာဆိုဗိမာန်အဆောက် အအုံ သုံးထပ်(RC)အား အိန္ဒိယနိုင်ငံ အစိုးရ၏ အကူအညီ အထောက် အပံ့ဖြင့် တည်ဆောက်နိုင်ရေး ကနဦးသဘောတူညီမှု ရရှိထားပြီဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ အစိုးရနှင့် မကြာခင်ကာလအတွင်း စီမံကိန်းသဘောတူညီမှုစာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ် ပြီး အဆောက်အအုံတည်ဆောက် ရာ၌ ကုန်ကျမည့် ခန့်မှန်းတန်ဖိုး ငွေကျပ်မှာ ၇၉၁၈ ဒသမ ၈၃၃ သန်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်