ရန်ကုန် မေ ၂၄

 

ရခိုင်တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရခိုင် တိုင်းရင်းသား အသင်းအဖွဲ့များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ “ရိုးမရံစီ သီချင်း၊ ထူးခြားထင်ရှား၊ ရခိုင်ပြည်နယ်မှ အလှတရားများ မှတ်တမ်းနှင့် “မြေငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံသားတို့၏ စွမ်းရည်မွန်မြတ်သည့်ဂုဏ်ဒြပ် စသည့် Video Clip တို့ကို ပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့တွေ့ဆုံမှုသည် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင် ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို တွေ့ဆုံအားပေး၍ လိုအပ် သောအထောက်အပံ့အကူအညီများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ အကူအညီများ ပေးအပ်မှုသည် နိုင်ငံတော်ဝန်ကြီးချုပ် ၏တိုင်းရင်းသားများအပေါ် အစဉ်ထားရှိသည့် စေတနာတရားပင်ဖြစ်ပါ ကြောင်း၊ မန္တလေးငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး မိဘပြည်သူတို့၏ တူညီသော စိတ်ထားများကို တွေ့မြင်ခဲ့ရ၍ အနာဂတ်ကာလ၌ စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဖြစ်စဉ်တွင်လည်း နိုင်ငံတော် အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ပြီး မူလအခြေအနေထက် ပိုမိုသာလွန်သော အခြေအနေသို့ရောက်ရှိ‌ရေး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း။

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်တွင် မူတည်ပြီး နိုင်ငံ၏ အနာဂတ် ကို ရှေးရှု၍ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဝိုင်းဝန်းလက်တွဲလုပ်ဆောင်မှုဖြင့် တိုင်းပြည် ချစ်စိတ်ကို ပြသရမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာရခိုင်တိုင်းရင်းသားများအတွက် စားသောက်ကုန်နှစ်လစာကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများနှင့် နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်တည်ငြိမ်မှုရရှိရန် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယာယီစစ်ဘေးရှောင် ပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကမုဒိတာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ရခိုင်တိုင်းရင်းသား အသင်းအဖွဲ့များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးပြီး ရခိုင်တိုင်းရင်းသားအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

သတင်းစဉ်