ရန်ကုန်၊ မေ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း စတူဒီယို (၁) ၌ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရုပ်ရှင် ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခြင်းနှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်နည်းလမ်းများနှင့် မည်သို့ညှိနှိုင်း ပေးရမည်ဆိုသည်ကို ဆွေးနွေးပေးစေလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရာတွင် တီထွင်ဖန်တီးမှုပိုင်းအနေဖြင့် ပရိသတ်ကြိုက်နှစ်သက်သည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူး ထုတ်လုပ်လာသည်ကို တွေ့ရ ပါကြောင်း။
ယင်းသို့ ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားများကို ပရိသတ်ဆီသို့ ရောက်ရှိအောင် ရုံတင်ပြသမှုအပိုင်းကလည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဈေးကွက် စီးပွားရေးအရ ရုပ်ရှင်ရုံများကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခဲ့ချိန်တွင် ရုပ်ရှင်ရုံများကို ရုပ်ရှင်လုပ်ငန်း ပြန်လည်လုပ်ကိုင်ရမည် ဟု Condition ပါရှိပါကြောင်း၊ ယခု လက်ရှိအခြေအနေတွင် ရောင်းချထားသည့် အချို့သောရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခြင်းကို ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ရာ ရုံရက်ချိတ်စနစ်၊ ဝင်ငွေအချိုးအစား ခွဲဝေမှုစနစ်တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ထုတ်လုပ်သူ၊ ရုံပိုင်ရှင်နှင့် ရုံရက်ချိတ်သူတို့ ပါဝင်သော “ရုံရက်ချိတ်ပြသရေးကော်မတီ” ဖွဲ့စည်း၍ ဆင်ဆာခွင့်ပြုချက် အမှတ်စဉ်အလိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ပါဝင် ဆောင်ရွက်မှုမရှိခဲ့ပါကြောင်း။
ယခုအခါ ရုံတင်ပြသရန် ရုပ်ရှင်ဇာတ်ကားများ တန်းစီနေသည့်အတွက်ကြောင့် ပိုမိုကောင်းမွန်သော ပြသရေးစနစ်ဖြစ်ပေါ်စေရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလမတိုင်မီ ရုပ်ရှင်ရုံ ၁၈၂ ရုံ၊ ပိတ်ကား ၂၀၇ ခု ရှိခဲ့ပါကြောင်း၊ ကိုဗစ်ကာလပြီးနောက် ရုပ်ရှင်ရုံ ၃၆ ရုံဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အချိန်တွင် ရုပ်ရှင်ရုံ ၉၀ အထိ တိုးမြှင့်ရုံတင်ပြသနိုင်ခဲ့ကာ မြန်မာ ဇာတ်ကား ၆၈ ရုံအထိ ပြသနိုင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအနေဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ရုပ်ရှင်ရုံများ စတင်ဖွင့်လှစ်ခဲ့စဉ်က ရုံတင်ပြသမည့် ဇာတ်ကားနည်းခဲ့သည့်အတွက် ဇာတ်ကားများ ရုံတင်ပြသနိုင်ရေး တွန်းတွန်းတိုက်တိုက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယင်းအချိန်တွင် ရုံတင်ပြသမည့်ဇာတ်ကား ရှားပါးသဖြင့် ရုံတင်ပြသမည့် ကြော်ငြာစရိတ်ကိုပင် ပြန်လည်ရရှိရန်ခက်ခဲခဲ့ပြီး ရုပ်ရှင်ရုံလုပ်ငန်းရှင်များရော၊ ထုတ်လုပ်သူများပါ ထိခိုက်နစ်နာမှုများရှိခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ပုံမှန်အခြေအနေဖြစ်လာ ခဲ့ပြီး ရုံစတင်ဖွင့်လှစ်ပြသချိန်က အနစ်နာခံပြသပေးခဲ့သည့် ထုတ်လုပ်သူများကို ရုပ်ရှင်ရုံပိုင်ရှင်များက ဦးစားပေးပြသပေးခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ ရုံတင်ပြသရာတွင် ရုပ်ရှင်ရုံပိုင်ရှင်များအနေဖြင့်ရော ထုတ်လုပ်သူများအနေဖြင့်ရော နှစ်ဖက်အကျိုးစီးပွားကို ငဲ့ညှာပြီး စဉ်းစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ ထုတ်လုပ်သူများက ဇာတ်ကားများကို ရင်းနှီးမြှုပ်နှံပြီး ရိုက်ကူးထားသည့် ငွေကြေးများ ပြန်လည်ရရှိနိုင်ရေး ရုံတင်ပြသခြင်းနည်းလမ်းကို မဖြစ်မနေ ဆောင် ရွက်ရမှာ ဖြစ်ပါကြောင်း။
ရုံပိုင်ရှင်များအနေဖြင့် ဇာတ်ကားများ ရုံတင်ပြသနိုင်ရေး ကိစ္စများအတွက် ထုတ်လုပ်သူများကို အကျပ်ကိုင်ခြင်း၊ လက်ဝါးကြီးအုပ်ခြင်းများ မဆောင်ရွက်စေလိုဘဲ မျှမျှတတဖြစ်စေလိုပါကြောင်း၊ ထို့အတူ ထုတ်လုပ်သူများဘက်ကလည်း အမှန်တကယ် ပရိသတ်ကြိုက်ဖြစ်စေမည့် ဇာတ်ကားများကို ရိုက်ကူးပြီး ဝင်ငွေကောင်းမည့် ဇာတ်ကား၊ ရုံပိုင်ရှင်များက ရွေးချယ်နိုင်မည့် ဈေးကွက်ဝင်မည့် ဇာတ်လမ်းကောင်းများကို ရိုက်ကူးကြရမှာဖြစ်သလို မိမိနိုင်ငံ၏ စံနှုန်းများဖြစ်သည့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးတမ်း၊ မြန်မာ့အမွေအနှစ်များပါရှိသည့် မိမိနိုင်ငံအပေါ် ကမ္ဘာက အသိအမှတ်ပြုမည့် ဇာတ်ကားများကိုလည်း ရိုက်ကူးကြ စေလိုပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရာမှာ ဖြစ်ပေါ်နေသည့် အခက်အခဲများကို မည်သို့ကျော်ဖြတ်ကြမည်ကို စုပေါင်းစဉ်းစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ ရုံတင်ပြသရေးပိုင်းအပြင် ရုပ်ရှင်ကားများကို ခိုးကူး၍ အွန်လိုင်းပေါ်တွင် ရောက်ရှိနေမှုများ ရှိနေသည်ဟု သိရပါသဖြင့် တားဆီးရန် နည်းလမ်းရှာဖွေသင့် ပါကြောင်း၊ ရုံပိုင်ရှင်များ အနေဖြင့်လည်း မိမိရုံများတွင် ပြသသည့်ကားများကို ယခုလိုခိုးကူးမခံရအောင် စစ်ဆေးမှုများ၊ တားဆီးမှုများ၊ စောင့်ကြည့်မှုများ အထူး လိုအပ်ပါကြောင်း။
ရုပ်ရှင်ထုတ်လုပ်ရေးများအနေဖြင့်လည်း တစ်လတွင် ရုံတင်နိုင်သည့် အရေအတွက်နှင့် တစ်နှစ်တွင် ရုံတင်ပြသနိုင်သည့် အရေအတွက်ကို ချင့်ချိန်၍ ရိုက်ကူးသင့်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများကို ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုများ ကုစားနိုင်ရန် ချေးငွေများ ထုတ်ချေးပေးခဲ့သလို ချေးငွေပြန်ဆပ်ရမည့်ကာလအား တိုးမြှင့်ပေးခဲ့ခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများအတွက် ရုံငှားရမ်းခကင်းလွတ်ခွင့်ပေးခြင်း၊ ရာခိုင်နှုန်းတစ်ခုသာ ပေးသွင်းစေခြင်း စသည်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရုံပိုင်ရှင်များအနေဖြင့် ဇာတ်ကားများ ရွေးချယ်ရာတွင် ပရိသတ်အကြိုက် ဇာတ်ကားများ ရွေးချယ်မှုများပြီး အနုပညာဖန်တီးမှု၊ မိမိနိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အနုပညာမြောက် ဖန်တီးမှုဇာတ်ကားများကို ပရိသတ်ကြိုက်မှု အားနည်းသည်ဟုယူဆပြီး ရုံတင်ရန် ရွေးချယ်မှုမရှိသည်ကိုလည်း ဝေဖန်သံများ ကြားနေရသည့်အတွက် အဖြေရှာကြရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန်တွင် စီးပွားရေးတစ်ခုတည်း မတွက်စေဘဲ နိုင်ငံအတွက်၊ ပြည်သူအတွက်၊ ရုပ်ရှင်လောကအတွက် မျှမျှတတစဉ်းစားပြီး အားလုံးအကျိုးရှိမည့် ရုံတင်ပြသရေးစနစ် ဖြစ်စေချင်ပါကြောင်း။
နိုင်ငံတော်အကြီးအကဲအနေဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုး၊ ဓလေ့ထုံးတမ်းနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးများကို အထောက်အကူပြုသည့်ကားများကို ရိုက်ကူးပြသရန် လိုလားလျက်ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ ပိုမိုရုံတင်ပြသနိုင်ခဲ့သည့်အတွက် ထုတ်လုပ်သူများ၊ ဒါရိုက်တာများအနေဖြင့် ကြိုးစားရိုက်ကူးကြသဖြင့် ဇာတ်ကားအရည်အသွေးများ ကောင်းမွန်လာခြင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရန် ရွေးချယ်ရာတွင်လည်း မျိုးဆက်သစ် လူငယ်များပါ ပါဝင်လာခြင်းများက ရုပ်ရှင်လောက တိုးတက်မှုကို ပြသနေခြင်းဖြစ်သည်ဟု ဆိုချင်ပါကြောင်း၊ ရုပ်ရှင်ဇာတ်ကား ဖန်တီးထုတ်လုပ်သူများ၏ အနုပညာ ဖန်တီးမှုများကို ရုပ်ရှင်ကြည့်ပရိသတ်များ လတ်ဆတ်စွာကြည့်ရှုနိုင်ရန် ရုံတင်ပြသမှုကို မည်သို့စီစဉ်ကြမည်၊ ယခင်က ရိုက်ကူးထားသည့်ကားများကို မည်သို့ရုံတင်ပြသကြမည်ကို အကြံဉာဏ်များ ပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်