ဝူကျန်း၊ နိုဝင်ဘာ ၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူကျန်းမြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက် ညီလာခံ (ဝူကျန်းထိပ်သီးအစည်းအဝေး) သို့ တက်ရောက်လျက်ရှိသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်နှင့်အတူ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ သတင်းအချက်အလက် ဗဟိုချက်ဆိုင်ရာ ဆွေးနွေးပွဲ (The 2nd Dialogue on China-ASEAN Information Harbor) သို့တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။
မျက်ဝါးထင်ထင် မြင်တွေ့ကြရ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားရာတွင် ဝူကျန်းမြို့သည် တရုတ်နိုင်ငံ၏ အထင်ကရ စာရေးဆရာကြီး၊ သတင်းစာဆရာကြီး၊ ပြဇာတ်ရေးဆရာကြီး မောင်တွမ့်၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့်အတွက် ယခုကျင်းပသည့် သတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲနှင့် အင်မတန်လိုက်ဖက်ညီလှသည်ဟု ခံစားမိပါကြောင်း၊ ဆွေးနွေးပွဲကို “ဒစ်ဂျစ်တယ် ဂေဟဗေဒအသစ် တည်ဆောက်ခြင်း၊ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ခု ဖန်တီးခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသည့်အတွက် ခေတ်သစ်ဒစ်ဂျစ်တယ် ဂေဟဗေဒတစ်ခု တည်ဆောက်နိုင်ရန် စိတ်ကူးသစ်များ၊ သုံးသပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မှုအသစ်များ၊ ချဉ်းကပ်မှုအသစ်များနှင့် အကြံကောင်း ဉာဏ်ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒစ်ဂျစ်တယ် ဂေဟဗေဒသစ်ဆိုသည်မှာ ဒစ်ဂျစ်တယ် နည်းပညာများ၊ ပလက်ဖောင်းများနှင့် အပြန်အလှန်အကျိုးပြုမှုများကြားတွင် လိုက်လျောညီထွေဖွဲ့စည်းထားသည့် ဂေဟစနစ်တစ်ခုပင်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် များပြားလှသည့် ဒစ်ဂျစ်တယ် အစိတ်အပိုင်းများ၊ နည်းပညာများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများသည် မိမိတို့၏ဘဝများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းကြီး တစ်ခုလုံးကို မည်သို့မည်ပုံ အကျိုးသက်ရောက်နေသည်၊ မည်မျှအထိ အကျိုးသက်ရောက်နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ ကြရပြီဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ဂေဟဗေဒသစ်တွင် ကျယ်ပြန့်ပြီး မတူကွဲပြားသည့် ဒစ်ဂျစ်တယ် နည်းပညာများ ပါဝင်နေပြီး ဥပမာအားဖြင့် ဉာဏ်ရည်တုနည်းပညာများ၊ The Internet of things (IOT) များ၊ ဘလောက်ချိန်း (Block chain) များ၊ ဘစ်ဒေတာ (Big Data) များ၊ Cloud Computing များ ပါဝင်ကြကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အပြန်အလှန် အကျိုးပြုနေကြခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှာ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခု ဖန်တီးခြင်း (Create a New Blue Ocean of Coope- ration) ဆိုသည်ကို ဦးတည်ဆွေးနွေးမည်ဟု ယုံကြည် ပါကြောင်း၊ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု၏ ဆုံရပ် (သို့မဟုတ်) စုစည်းရာပလက်ဖောင်းတစ်ခု အနေဖြင့် China-ASEAN Information Harbor ဆိုသည့်ကွန်ရက်တစ်ခုကို အကျိုးရှိစွာ အသုံးပြုကြရမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် သတင်းအချက်အလက်ဆိုင်ရာ ဗဟိုချက်သည် တရုတ်- အာဆီယံ အသိုက်အဝန်းတစ်ခုကို ပိုမိုနီးကပ်စွာ တည်ဆောက်ရာတွင် လွန်စွာအရေးကြီးသည့်အတွက် မိမိတို့မြန်မာနိုင်ငံက တက်ကြွစွာပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ ဒစ်ဂျစ်တယ် ချိတ်ဆက်မှုမှတစ်ဆင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ e-Government တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ် အသုံးပြုပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ကျယ်ပြန့်စွာ ဖြစ်ထွန်းရေး၊ နယ်စပ်ဖြတ်ကျော် သတင်းအချက် အလက်စီးဆင်းရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်း ချိတ်ဆက်မှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထောက်အကူပြုရေးစသည့် နယ်ပယ်အသီးသီးတွင် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ကြမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် တရုတ်-အာဆီယံ နိုင်ငံများအကြား ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ ဖလှယ်မှုများ မြှင့်တင်နိုင်ပါစေ၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဒုတိယဝန်ကြီးများ၊ ပညာရှင်များက ဒစ်ဂျစ်တယ်နည်းပညာများ မျှဝေရေးနှင့် အနာဂတ်တွင် ဒစ်ဂျစ်တယ်နည်းပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ပါဝင်ဆွေးနွေးကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်က သတင်းတုသတင်းမှားများ တိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စများကို ပါဝင်ဆွေးနွေး ပြောကြားသည်။
တရုတ်-အာဆီယံ သတင်းအချက်အလက် ဗဟိုချက်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကို ချိတ်ဆက်ပေးသည့် ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်-အာဆီယံ သတင်းအချက်အလက် ဗဟိုချက်သည် အင်တာနက်ချိတ်ဆက်မှုနှင့် သတင်းအချက်အလက် ဖလှယ်မှုများမှတစ်ဆင့် တရုတ်-အာဆီယံနိုင်ငံများအကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေး ရန်ဖြစ်သည်။ အထူးသဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ သတင်းအချက်အလက်မျှဝေမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ဆောင်မှု၊ ယဉ်ကျေးမှုဖလှယ်မှုများ ပါဝင်သည့် ပလက်ဖောင်းငါးခုကို တည်ဆောက်ပြီး One Base, One Center, One Pillar and Two Clusters ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ညနေပိုင်း တွင် ဝူကျန်းမြို့WIC Convention Center အနီးတွင် ခင်းကျင်းပြသသည့် The Light of Internet Expo ပြပွဲသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းပြပွဲသည် ကမ္ဘာလုံးဆိုင်ရာအင်တာနက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့် အဆင့်မြင့်နည်းပညာများကို အဓိက ပြသထားသည့် ပြပွဲဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ရရှိလာစေရန် အရေးကြီးသည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးရန် ရည်ရွယ်ထားကြောင်း သိရသည်။
သတင်းစဉ်