တောင်ကြီး ဇန်နဝါရီ ၂၇

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံး ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြန်ကြားရေးဝန်ကြီး ဌာနအောက်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အောင်မြင်စေရေးအတွက် မီဒီယာ လုပ်ငန်းများဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် မှာကြားသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး နယ်မြေဒေသ ကျယ်ဝန်းပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပြီး ယင်းလုပ်ငန်းများ အောင်မြင်စေရေးနှင့် ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေးအတွက် မိမိတို့ဝန်ထမ်းများက မီဒီယာလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ရန်လိုအပ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့အချိန် တွင် မီဒီယာလုပ်ငန်းများသည် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေသဖြင့် အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ယခုအခါ မသမာသူများက သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်၍ ပြည်သူများအား အထင်အမြင်လွဲမှားအောင် ပြုလုပ်နေသည့်အတွက် မိမိတို့ဝန်ထမ်းများက သတင်းမှန်ပြန်ကြားရေးနှင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်‌ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းမှန်များ မှန်ကန်စွာ စီးဆင်းရေးအတွက် ရုပ်မြင်သံကြားနှင့် သတင်းစာ၊ ရေဒီယိုများတွင်သာမက အွန်လိုင်းပလက်ဖောင်း မျိုးစုံမှ ထုတ်လွှင့်ဖော်ပြပေးနေသဖြင့် ပြည်သူများ ကျယ်ပြန့်စွာသိမြင်စေရန် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)တွင် ပြည်သူများ အသိပညာမြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေသကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား သတင်းမီဒီယာလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ရုံးများတွင် အခက်အခဲများရှိပါက ပြည်နယ်အစိုးရ အား တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ် တို့သည် ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်း ပေါင်းစပ်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ် ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်) အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာ၍ စာအုပ်စာစောင်များ ခင်းကျင်းဆောင်ရွက်ထားမှု၊ ရှေးဟောင်းစာပေ ကျမ်းဂန်များနှင့် ပေ၊ ပုရပိုက်များ ထိန်းသိမ်းဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုလေ့လာ၍ ကူညီဆောင်ရွက်ပေး နိုင်မည့်လုပ်ငန်းများအား မေးမြန်းလျှောက်ထားသည်။

 

အဆိုပါ ဗုဒ္ဓတက္ကသိုလ်သည် အေဒီ ၅ ရာစုမှ ၁၂ ရာစု အတွင်း ဗုဒ္ဓဘာသာပညာရှင် ရဟန်းတော်များ တည်ထောင်ထားသည့် ကမ္ဘာ့ရှေးအကျဆုံး အဆင့်မြင့် ပညာရေးဌာနဖြစ်သည့် နာလန္ဒတက္ကသိုလ်နှင့် မြန်မာနိုင်ငံ၏ ပရိယတ္တိအမွေအနှစ်ကို ထင်ရှားကျယ်ပြန့်စွာ ဖော်ဆောင်သော ဓမ္မာစရိယနှင့် သာမဏေကျော် စာသင်နည်းတို့ကို အားကျအတုယူလျက် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်(Shan State Buddhist University)အဖြစ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ ပထမဆုံးတည်ထောင်သော ဗုဒ္ဓတက္ကသိုလ်ဖြစ်သည်။

 

တည်ထောင်သူ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိသည် ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့အရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်များ စုစည်းပေးပြီး စည်းရုံးတည်ထောင်ထားသော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကြီးများအသင်း (International Association of Bud-dhist Universities)နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် အသင်းကြီး(The International Association of Theravada Buddhist Universities)အသင်းနှစ်ခု၏ အတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များနည်းတူ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အဆင့်မီ ဗုဒ္ဓတက္ကသိုလ်ကြီး တစ်ခုတည်ထောင် ရန် ပြင်းပြသောဆန္ဒဖြင့် တည်ထောင်ထားကြောင်း သိရသည်။

 

သတင်းစဉ်