မကွေး   ဩဂုတ်    ၃၀

 

မြန်မာနိုင်ငံ  စာကြည့်တိုက်များ   ဖွံ့ဖြိုးတိုးတက်ရေး    ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ    ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ   ပေးအပ်လှူဒါန်းသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မကွေးတက္ကသိုလ်   စာကြည့်တိုက်သို့ရောက်ရှိရာ     စာကြည့်တိုက်တာဝန်ခံက  အီလက်ထရောနစ်စနစ်ဖြင့်   စာပြု လုပ်ငန်း၊ စာငှားလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက်    စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကာ    ကျောင်းသား ကျောင်းသူများ စာပေ လေ့လာဖတ်ရှုနိုင်ရန်အတွက် လူထုသိပ္ပံကျမ်းများနှင့်စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင်ခန်းမ၌ မကွေးမြို့ပေါ်ရှိ  တက္ကသိုလ်/ကောလိပ် အသီးသီးမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

မှန်ကန်စွာရှုမြင်သုံးသပ်

ဦးစွာ   “တားဆီးကာကွယ်  မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” Vedio Clip ၊  “၂၀၂၄ ခုနှစ် ပြင်သစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပမှု  မှတ်တမ်း” နှင့် “၂၀၂၄  ပြင်သစ်   မသန်စွမ်းအိုလံပစ် ဖွင့်ပွဲအခမ်းအနား” ဗီဒီယိုတို့ကိုပြသပြီး  ပြည်ထောင်စုဝန်ကြီးက    နှုတ်ခွန်း ဆက်စကားပြောကြားရာတွင် ယနေ့အချိန်တွင် မသမာသူအဖျက်သမားများက မီဒီယာနည်းလမ်း များကို  အသုံးပြု၍  သတင်းတု၊ သတင်းမှားများ  ထုတ်လွှင့်ကာ    ပြည်သူများအား    အတွေးအမြင် လွဲမှားအောင် ဆောင်ရွက်နေကြကြောင်း၊ တစ်နည်းအားဖြင့် မီဒီယာကို အဆိပ်သင့်အောင် ဆောင်ရွက်၍ နိုင်ငံတော်ကို အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များကို မှန်ကန်စွာရှုမြင်သုံးသပ်နိုင်ရန် မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မိမိဘဝမြင့်မားရေး အတွက် မှန်ကန်သည့်ရည်မှန်းချက်များထားရှိ၍ အနာဂတ်ကို  ဖန်တီးကြရန်လိုကြောင်း၊   အတွေး အခေါ် မှန်ကန်တည့်မတ်စေရန်အတွက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာဆောင်ရွက်ကြရန်    လိုအပ်သကဲ့သို့ ကမ္ဘာကြီး၏  ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း  နားလည်သိရှိထားရန်   လိုအပ် ကြောင်း ပြောကြားကာ  မကွေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်များအတွက်  DTH စလောင်း ခြောက်စုံနှင့် DVB-T2 Set Top Box ၁၅ စုံတို့ကို   ပေးအပ်လှူဒါန်းပြီး  စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကြသည်။ 

 

စာတမ်းများ မိတ်ဆက်ရှင်းလင်း

ထို့နောက် မကွေးတက္ကသိုလ်အစည်း အဝေးခန်းမ၌  ပါမောက္ခချုပ်  ဒေါက်တာ ခင်မောင်ဦးက  ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုထားသည့် သုတေသနစာတမ်းများနှင့် ပတ်သက်၍  ဓာတုဗေဒဌာနမှ  ပါမောက္ခ ဒေါက်တာမူမူမြစိန်က သီးထပ်သီးနှံများစိုက်ပျိုးခြင်းဖြင့် မြေဆီအာဟာရဓာတ်များ ပြောင်းလဲမှုကိုလေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာအိအိသွင်က ကောက်ညှင်းဆန် အဖြူမှ  ကစီဓာတ်ကို  အသုံးပြု၍  ဇီဝ ပလတ်စတစ်ဖလင်ကိုထုတ်ခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊   ရုက္ခဗေဒဌာနမှ ကထိက ဒေါက်တာနွယ်နွယ်က အကျိုးပြု အဏုဇီဝအရည်နှင့် EM ဘိုကာရှီမြေဩဇာသုံးစွဲမှုနှင့် နေကြာပင် အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကို  လေ့လာခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း စသည့် စာတမ်းများအား   မိတ်ဆက်ရှင်းလင်းတင်ပြသည်။

 

မီဒီယာနည်းလမ်းများဖြင့်ကူညီမည်

တင်ပြချက်များနှင့်     ပတ်သက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းမှုနှင့် သီးနှံများအထွက်တိုး ရန်ဆောင်ရွက်နေမှုကို ဖြည့်စွက် ရှင်းလင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကဆောင်ရွက်နေသည့် MSME လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာနည်းလမ်းများဖြင့် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အများပြည်သူ   အနားယူ အပန်းဖြေရန် ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ပေးထားသည့် ကန်သာမင်္ဂလာကန်တော် တည်ဆောက်ထားမှု    အခြေအနေကို လှည့်လည်ကြည့်ရှုကြသည်။

 

ကန်သာမင်္ဂလာကန်တော်

အဆိုပါ ကန်သာမင်္ဂလာကန်တော်သည် ယခင်က တိမ်ကောနေသော ရေကန်ကြီးတစ်ခုဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပြည်သူနှင့် သက်ဆိုင်သော၊ စိမ်းလန်းသာယာသော၊  ကျန်းမာ ရေးနှင့်ညီညွတ်သော၊ စိတ်လက်ပေါ့ပါးစေသော၊ ခေတ်မီသပ်ရပ်သော အပန်းဖြေနေရာတစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍   ၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မကွေးမြို့   ကမ်းနားလမ်းရှိ    MSME လုပ်ငန်းများမှ    ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချနေမှုနှင့် Night Market စီစဉ်ဖွင့်လှစ်၍ အများပြည်သူအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါ မကွေးတိုင်းဒေသကြီး၏ MSME လုပ်ငန်းများမှထုတ်လုပ်သည့် ပစ္စည်းများသည်      အရည်အသွေး ကောင်းမွန်ခြင်းနှင့် ဈေးနှုန်းသက်သာခြင်း များကြောင့် ပြည်သူများ ကြိုက်နှစ်သက် ကာ ဝယ်ယူအားပေးလျက်ရှိနေကြောင်း သိရသည်။ 

သတင်းစဉ်