နေပြည်တော် နိုဝင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း သို့သွားရောက်၍ ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် အသုံးပြုမည့် Lighting System ၊ LED ၊ အသံ စနစ်နှင့် လျှပ်စစ်မီးများ တပ်ဆင်နေမှု၊ စင်မြင့်တည်ဆောက်နေမှု၊ အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလံများ၊ ဝန်ကြီးဌာနအလိုက် အလံများချိတ်ဆွဲထားရှိမှု၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ အဝင်အထွက်ပြု လုပ်မည့်နေရာ လျာထားဆောင်ရွက်နေမှု၊ ကဏ္ဍအလိုက် ဖျော်ဖြေရေးအစီအစဉ် များ ပြင်ဆင်ဆောင်ရွက်နေမှု၊ အလွတ်ခုန်(Free Fall) လေထီးစစ်သည်များက တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသား အားကစားပွဲတော်အလံတို့ကို ကွင်းအတွင်းသို့လေထီးခုန်၍ သယ်ဆောင်လေ့ကျင့်နေမှု၊ ပွဲတော်အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူရေး အစီ အစဉ်လေ့ကျင့်နေမှု၊ မီးရှူးတိုင်ထွန်းညှိမည့်နေရာ ပြင်ဆင်ဆောင် ရွက်ထားရှိမှုနှင့် ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမျိုးသားအားကစားပွဲတော်ကြီးကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခမ်းအနားအတွက်လိုအပ်သည့် စက်ကိရိယာပိုင်းဆိုင်ရာများကိုလည်း အချိန်မီ တပ်ဆင်ပြီးစီးရေးနှင့် အရည် အသွေး ပြည့်မီရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် အမျိုးသားရေး စိတ်ဓာတ်ဖြင့် တက်ကြွစွာ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အမျိုးသားအားကစားပွဲတော်များကို ပထမအကြိမ်အဖြစ် ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ အားကစား နည်း ၂၂ မျိုးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၉၄ ခုနှစ် တွင် ရန်ကုန်မြို့၌ အားကစားနည်း ၂၄မျိုးဖြင့် လည်းကောင်း၊ တတိယ အကြိမ်အဖြစ် ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ အားကစားနည်း ၂၉ မျိုးဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ် အဖြစ် ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အားကစားနည်း ၂၇ မျိုးတို့ဖြင့် ကျင်းပခဲ့ပြီး ယခုပဉ္စမအကြိမ် အမျိုးသား ကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်မျိုးနှင့် မသန်စွမ်းအားကစားနည်း လေးမျိုးတို့ဖြင့် ကျင်းပသွားမည်ဖြစ်ရာ အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်