ပုဂံ ဇွန် ၆

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံ ရုံးခွဲတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့မှ ပညာရှင်များ ပြုပြင်ထိန်းသိမ်း ရေးဆောင်ရွက်နေသည့် မီးငြိမ်းကုန်းဂူဘုရား၊ မဟာ ဗောဓိဂူဘုရားနှင့် နတ်လျောင်းကျောင်းကိုလည်း ကောင်း၊ နိုင်ငံပိုင်ပုဂံသံတဲဟိုတယ်နှင့် တရုတ်-မြန်မာချစ်ကြည်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းဆောင်ရွက်နေသည့် သဗ္ဗညုဂူဘုရားကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ငကျွဲနားဋောင်းဘုရား အုတ်မြစ် တူးဖော် သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ပြီး သုတေသနပြုလုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်