နေပြည်တော် ဇူလိုင် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြောက်မြိုက် (အရှေ့)၊ ဒဟတ်ကုန်း၊ အလယ်ကျွန်းကျေးရွာတို့မှ မိုးဝါစိုက်သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မိုးဝါစိုက်တောင်သူများအတွက် မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒဟတ်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံ၌ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုအပေါ် လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


