နေပြည်တော် ဇွန် ၁၀
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း-မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင် ပြီးစီးမှုအခြေအနေကို ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ ရေနံမြေအထွေထွေ မန်နေဂျာနှင့် တာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံများနှင့် လုပ်ငန်း များအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ရှာဖွေရေးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် သဘာဝ ဓာတ်ငွေ့စဉ်ဆက်မပြတ်ပို့လွှတ်နိုင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများအား သစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်း သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက် (Compressor) ကိုလည်းကောင်း၊ မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) သို့ ရောက်ရှိရာ စက်ရုံမှူးနှင့်စက်ရုံတာဝန်ရှိသူများက ရေနံဓာတ်ငွေ့ရည်ထုတ်လုပ် ဖြန့်ဖြူးနိုင်မှု အခြေအနေနှင့် စက်ရုံပုံမှန်ဆက်လက်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်မပြတ်ကုန်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်နှင့် စက်ရုံလုံခြုံရေးအား အထူးကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ရေနံဓာတ်ငွေရည်စက်ရုံ အတွင်း စက်ရုံလည်ပတ်ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်းပေါ်ရှိ Ball Valve Station အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်