နေပြည်တော် အောက်တိုဘာ ၂၄
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာ ရေနံမြေတွင်းအမှတ် CDT-13 ၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်းတူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာ ရေနံမြေရှိ တွင်းအမှတ် CDT-15 အောင်မြင်စွာ တူးဖော်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ချောက်မြို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေနံလုပ်သား ဧည့်ရိပ်သာ၌ ချောက်/ လမ်းရွာရေနံမြေမှ ရေနံလုပ်သားများနှင့်အတူ နံနက်ခင်းစာကို အတူတကွသုံးဆောင်ပြီး ရေနံလုပ်သားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားကာ ချောက်ရေနံမြေ လုပ်သားရိပ်သာတွင် စိုက်ပျိုးထားသော တစ်သျှူးငှက်ပျောပျိုးခင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖိုကုန်းဒေသ ZJ 70 L SR 1 တွင်းတူးစက်ဖြင့် အောင်မြင်စွာ တူးဖော်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျှက်ရှိသော တွင်းအမှတ် CDT-15 ကို ကြည့်ရှုစစ်ဆေးပြီး ချောက်ရေနံမြေတွင် ဆက်လက်တူးဖော်သွားမည့် ထုတ်လုပ်ရေးတွင်းများ အလားအလာများကို ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က နောင်တူးဖော်မည့် တွင်းများကိုလည်းယခုကဲ့သို့ မြေအောက်အခက်အခဲများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ထုတ်လုပ်ရရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး တွင်းအမှတ် CDT-15 မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ မီးရှို့စမ်းသပ်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွင်းအမှတ် CDT-15 ကို အောင်မြင်အောင်တူးဖော်ရာ၌ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော ကာယ၊ ဉာဏလုပ်သားကြီးများအား အမှတ်တရ သစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
အဆိုပါ တွင်းအမှတ် CDT-15 ကို ဇွန်လ ၃၀ ရက်က စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက်ပေ ၇၉၂၀ သို့ စက်တင်ဘာ ၁၉ ရက်တွင် ရောက်ရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစိမ်း ၈ စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၀ ဒသမ ၅ သန်းခန့် ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ချောက်-ဆားခါး-ပုလိပ်-ကျောက်ဆည် ပိုက်လိုင်းအတွင်းသို့ အားဖြည့် ပို့လွှတ်သွားမည်ဖြစ်သည်။
သတင်းစဉ်