နေပြည်တော် နိုဝင်ဘာ ၅

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် ယူရီးယား ဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်ရရှိသော ယူရီးယား ဓာတ်မြေဩဇာများ၏ အရည်အသွေး ပြည့်မီစေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြားသည်။

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ၏ ကုန်ထုတ်လုပ်မှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စက်ရုံကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများ၏ ကြံ့ခိုင်ရေးကို အမြဲမပြတ်ပြင်ဆင် ထိန်းသိမ်းကြရန် လိုပါကြောင်း၊ ဓာတ်မြေဩဇာ အိတ်သွတ်ထုပ်ပိုးခြင်းကိုလည်း အလေးချိန်နှင့် အချင်အတွယ် ပြည့်မီစေရေး ဂရုပြုဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စက်ရုံ လုံခြုံရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် စက်ရုံရေရှည်တည်တံ့ပြီး ကုန်ထုတ်လုပ်မှုများ အပြည့်အဝဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ဝိုင်း၀န်းကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီး စက်ရုံအတွင်းလှည့်လည်၍ ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်နေမှုနှင့် အိတ်သွတ်ထုပ်ပိုးနေမှု၊ ဓာတ်ခွဲခန်း၊ ပင်မထိန်းချုပ်ခန်း၊ တစ်သျှူးငှက်ပျောစိုက်ခင်း၊ တစ်သျှူးငှက်ပျော ထပ်မံတိုးချဲ့စိုက်ပျိုးမည့် မြေနေရာနှင့် ဝန်ထမ်းနှင့် မိသားစု ကိုယ်လက် ကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်ရန် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဓမ္မာရုံ၌ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေလယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

 

စွမ်းအင်၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ယူရီးယားဓာတ်မြေဩဇာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုန်းတွင်းလုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အမှတ် (၄) ဓာတ်မြေသြဇာ စက်ရုံ (မြောင်းတကာ) နှင့် အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) တို့ကို လည်ပတ်၍ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၀၀ ခန့်စီ ထုတ်လုပ်ပေးလျက်ရှိသည်။ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ် မြေဩဇာများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် တောင်သူလယ်သမားများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်