နေပြည်တော် နိုဝင်ဘာ ၆

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက် စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ရှိ ရေနံချက်စက်ရုံအမှတ် (ခ) နှင့် (ဂ)၊ ကတ္တရာစက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့ကိုလည်းကောင်း၊ စက်သုံးဆီ သိုလှောင်ကန်များနှင့် စက်ဆီ/ချောဆီ တင်ချဆိပ်ခံတံတားတို့ကိုလည်းကောင်း၊ စက်ဆီရောစပ် စည်သွတ်စက်ရုံကိုလည်းကောင်း၊ သုတေသနနှင့် အမျိုးအစားစစ်ဆေးရေးဌာနရှိ ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းအတွင်း စက်သုံးဆီအမျိုးမျိုးတို့၏ အရည်အသွေး စစ်ဆေးနေမှုကိုလည်းကောင်း၊ တစ်သျှူးငှက်ပျော စိုက်ပျိုးရန်လျာထားမြေနေရာ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်ရာနေရာနှင့် အားကစားလုပ်ဆောင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စက်သုံးဆီ အမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသော အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုပြုကြရန်ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်