နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၊ အဆောက်အဦသုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲနှင့်  လမ်းသုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံးသို့ ကြည့်ရှု စစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦ သုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အသုံးပြုမည့် ဘိလပ်မြေ၊ အုတ်၊ သဲနှင့် ကျောက် စသည့် အဆောက်အဦ လုပ်ငန်းသုံး ပစ္စည်းများ၏ အရည်အသွေးများ စစ်ဆေးခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများ၏ အရည်အသွေးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး  လမ်းသုတေသနနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနအနေဖြင့် လမ်းလုပ်ငန်းများအတွက် မြေသားဓာတ်ခွဲ စမ်းသပ်ခြင်း၊ မြေသားအရည်အသွေးအရ လမ်းလွှာဒီဇိုင်းများ ထုတ်လုပ်ပေးခြင်း၊ လမ်းတည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စစ်ဆေးခြင်းနှင့် လမ်းလုပ်ငန်းအရည်အသွေးများ ပြည့်မီကောင်းမွန်စေရေး ထိန်းသိမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအတွက် များစွာအရေးပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ISO 17025 : 2017 အသိအမှတ်ပြုလက်မှတ် ရရှိပြီးသောဌာနဖြစ်၍ စနစ်တကျစစ်ဆေး ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တည်းပေးနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်း အသုံးပြုကြရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။ 
သတင်းစဉ်