နေပြာ်တော်ဧပြီ ၂၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည်  ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့တွင်းနှင့် ဒလမြို့တို့ကို ဆက်သွယ်သည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူး တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ရန်ကုန်ဘက်ခြမ်းရှိ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် တံတားတည်ဆောက်ရေးလုပ်ငန်း အနီးကပ်တာဝန်ယူ ဆောင်ရွက်သည့်  စီမံကိန်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်  တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို တို့က တံတားစီမံကိန်း လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းတစ်လျှောက် ချဉ်းကပ်တံတား  လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆင်ခြေလျော တံတားနှစ်စင်း ဆောင်ရွက်ထားရှိမှု၊ တံတား တည်ဆောက်ရေး လုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို လျာထားသည့် သတ်မှတ်ကာလအလိုက် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ စီမံကိန်းတွင် တည်ဆောက်ရေး ပစ္စည်းများ မှန်ကန်စွာအသုံးပြုရေး၊ လုပ်ငန်းခွင်လုပ်သားများ ကျွမ်းကျင်မှုရှိစေရေး၊ အန္တရာယ်ကင်းရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့များ၊ စီမံကိန်း ကန်ထရိုက်တာများ ပေါင်းစပ်ညှိနှိုင်း၍ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးရေး ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းအဖွဲ့များကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေလယ်တိုင် လုပ်ငန်းများဖြစ်သည့် ရန်ကုန်ဘက်ခြမ်း PY 2 ဘိုးပိုင်လုပ်ငန်းများ၊ ပိုင်တိုင်ထိပ်အုပ် (Pile Cap) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဒလဘက်ခြမ်း PY 1 ဘိုးပိုင်နှင့် ပိုင်တိုင်ထိပ်အုပ် (Pile Cap) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရေကြောင်းသွားလာသည့် သင်္ဘောများ အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးအချက်ပြများ၊ အမှတ်အသားများ ဆောင်ရွက်ထားရန်မှာကြားသည်။

ယခုတည်ဆောက်နေသည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ခြင်းဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများ အနေဖြင့်လည်း သံမဏိကြိုးဆိုင်း တံတားဆိုင်ရာ ပုံစံထုတ်လုပ်ခြင်းနှင့် ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့်  အတွေ့အကြုံများကို  ရရှိနိုင်မှာဖြစ်သလို ကျွမ်းကျင်အင်ဂျင်နီယာများနှင့် လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။ 

တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မေလမှ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု (၅၆) ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်