နေပြည်တော်  စက်တင်ဘာ ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာ သွန်းမှုများ၍ ရုတ်တရက် ဆင်သေချောင်း ရေလျှံခြင်းကြောင့် ဆင်သေချောင်းတစ်လျှောက်ရှိ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)နှင့် ဆင်သေချောင်းတံတား (သိုက်ချောင်း)တို့တွင် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်း ရေတိုက်စား၍ လမ်းတာပေါင် ပျက်စီး ခြင်း၊ တံတား ရေလယ်တိုင် (Pier)များ နိမ့်ကျခြင်းများ ဖြစ်ပေါ်နေသည့်အပြင် အေးမြင့် သာယာတံတားနှင့် ကျောက်ချက်တံတားတို့သည်လည်း ချဉ်းကပ်လမ်းအပါအဝင် ရေနစ်မြှုပ် နေခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)သို့ ရောက်ရှိပြီး ရေတိုက်စား၍ ပျက်စီးသွားသော တံတားထိပ်ခုံနှင့် လမ်းတာပေါင်နေရာကို ဘေလီတံတား ထိုး၍ ယာယီပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အများပြည်သူ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါ တံတားနေရာအား ဦးစားပေး ပြင်ဆင်ပြီးပါက ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်တို့ကို ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေချောင်းတံတား (သိုက်ချောင်း)သို့ သွား ရောက်ရာ ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် ရေစီးနှင့် မျောပါလာသော သစ်ပင်ကြီးများ၊ အမှိုက်များကို ယာဉ်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခြင်း၊ သိုက်ချောင်းတံတား ၏ တံတားထိပ်ခုံနှင့် လမ်းသားများ ရေတိုက်စား မျောပါပျက်စီးခြင်းအား ပြုပြင်ရန် ပြင်ဆင် ဆောင်ရွက်နေသည့် အခြေအနေနှင့် ယာယီဘေလီ တံတားထိုးမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ မှာကြားသည်။

ထို့ပြင် ရန်ကုန် - မန္တလေးလမ်းမကြီး (လမ်းဟောင်း)၊ တပ်ကုန်းမြို့အနီးရှိ အဆုံ တံတား၏ တံတားထိပ်ခုံများ ရေတိုက်စားခြင်း၊ လမ်းတာပေါင်များ ပျက်စီးနေခြင်းတို့ကြောင့် ယာယီဘေလီ တံတားထိုး၍ ပြင်ဆင်နေသည့်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး မပြတ် တောက်စေရေး၊ ယာဉ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက် စေရေးအတွက် အဆိုပါ တံတားနေရာအား ရှောင်ကွင်း၍ တပ်ကုန်းမှ အေလာသို့ တပ်ကုန်း-ဥတ္တရသီရိ အမှတ်(၂)လမ်းအတိုင်း ယာယီသွားလာနိုင်ရေး နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်