နေပြည်တော် ဧပြီ ၂၄
ငလျင်ဒဏ်သင့် အဆောက်အဦများ ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေးရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက် အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် အထူးလုပ်ငန်းကော်မတီတို့မှဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြင်ပပညာရှင်များနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး မန္တလေးမြို့တော်ဝန်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ပျက်စီး သွားသော အဆောက်အဉီနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာရပ်ဆိုင်ရာ စစ်ဆေးရေးအထောက်အကူပြုအဖွဲ့များအား အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည် ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ငလျင်ဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆက်လက်ဖွဲ့စည်း ပေးထားပြီဖြစ်၍ ၎င်းအဖွဲ့များအနေဖြင့် ပျက်စီး မှုများကို စမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ လတ်တလော သာမန်ပြင်ဆင်နိုင်မည့် အခြေအနေ၊ အကြီးစားပြင်ဆင်ရမည့် အခြေအနေနှင့် ပြင်ဆင်၍မရဘဲဖယ်ရှား ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦအဖြစ် ခွဲခြားသတ်မှတ်နိုင်ရေး ဉီးစားပေးစီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ထို့အပြင် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများအား စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပြန်လည် ပြုပြင်နိုင်ရန်အတွက် ညှိနှိုင်းသုံးသပ်ခြင်းနှင့် လတ်တလောဆောင်ရွက်ရမည့် နည်းလမ်းများဖော်ထုတ် ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသည့် ပညာရှင်များက ငလျင်ဒဏ်နှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက် များကို ဝိုင်းဝန်းဆွေးနွေး တင်ပြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ပညာရှင်များ၊ အထူးလုပ်ငန်းကော်မတီမှ ပညာရှင်များက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နိုင်ငံတကာ စံသတ်မှတ်ချက်များကို အခြေခံ၍ ပညာရှင်များနှင့် ပူးပေါင်းပြီး ငလျင်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်၊ မန္တလေးမြို့တော်ဝန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့ရသည့်အခြေအနေ၊ စစ်ဆေးရေးဆောင်ရွက် ပြီးစီးသည့်အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်တင်ပြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ် သည်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုတွေ့ကြုံရသော ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများတွင် ယခင်နောက်ဆုံးထုတ်ပြန်ပြီးသော မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန် စံညွှန်းလမ်းညွှန်ချက်များ (MNBC-2020) တွင် ယခုတွေ့ကြုံရသည့် အဆောက်အဦအပေါ်တွင် ငလျင်ဒဏ် သက်ရောက်လာနိုင်သည့် အချက်အလက်များကို ပြင်ဆင်ဖြည့်စွက်၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန် စံညွှန်းလမ်းညွှန် ချက်များ (MNBC - 2025) ကို ထုတ်ဝေနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား သည်။
(သတင်းစဉ်)