နေပြည်တော်ဇန်နဝါရီ ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ယမန်နေ့က  ကချင်ပြည်နယ် ၊ လမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးရုံးတွင် ကချင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တည်ဆောက်ရေး အထူးအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြား‌ရေးမှူးများအပါအဝင် အရာထမ်း / အမှုထမ်းများနှင့် အဆင့်ဆင့်သော တာဝန်ခံများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍  မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်ရသဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ ဝန်ကြီးဌာန၏ပုံရိပ်ကို ထိခိုက်စေသော လုပ်ကိုင်ဆောင်ရွက်မှုများကို အလေးထား ရှောင်ကျဉ်ရမည်ဖြစ်ပါကြောင်း။ 

တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး သက်ဆိုင်ရာ ပြည်နယ် ၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား Work Schedule များ ရေးဆွဲပြီး တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များ ကိုဖြေရှင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ လမ်းဦးစီးဌာနမှ အရှည် ၈ မိုင် ၃ ဖာလုံ နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်း ဆောင်ရွက်ထားရှိမှုနှင့် ရွှေဘို-မြစ်ကြီးနားလမ်းအပိုင်း ၂၂ မိုင် ၆ ဖာလုံ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ကချင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတင်မောင်အုန်း က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ထားရှိမှု ၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းအင်္ဂါရပ်နှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန် သတ်မှတ်လမ်းအကျယ်နှင့် လမ်းနယ် ရရှိရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် လမ်းညွှန်များ ၊ လမ်းအမှတ်အသားများ ၊ လမ်းအချက်ပြများအား ရေးဆွဲခြင်း ၊ စိုက်ထူခြင်းများကို သတ်မှတ်ထားသည့်အတိုင်း တစ်ပုံစံတည်းဖြစ်အောင် စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်