နေပြည်တော် ဧပြီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်သည် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အဆောက် အဦ၊ လမ်း၊ တံတား ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လုပ်ငန်းအထူးအဖွဲ့များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင် ၊ တောင်ငူခရိုင် ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေး မှူး (မြို့ပြ) ဦးတိုးတိုးက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အဆောက်အအုံ၊ လမ်း၊ တံတားများတိုးတက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အဓိကတာဝန်မှာ ပြည်သူများ သွားလာရေးနှင့်နေထိုင်ရေး လွယ်ကူ အဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လိုက်နာနေထိုင်ပြီး မိမိတိုင်းဒေသကြီးအတွင်း ရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုစားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက မိသားစု စိတ်ဓာတ်ထားရှိကာ ပွင့်ပွင့်လင်းလင်း အချိန်မရွေး တင်ပြနိုင်ပါကြောင်းနှင့် အရာထမ်း/ အမှုထမ်းအချင်းချင်း အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်ရေး စနစ်ဖြင့် ဆောင်ရွက်ရန်၊ အချင်းချင်းချစ်ကြည် ရင်းနှီးမှုနှင့် နွေးထွေးသော ဆက်ဆံရေးတို့ဖြင့် အလေ့အထကောင်းများကို ဆက်လက်ထိန်းသိမ်း၍ နေထိုင် ဆောင်ရွက်သွားကြရန် စသည်ဖြင့် ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - ပဲခူး - တောင်ငူ - မန္တလေး ပြည်ထောင်စု လမ်းမကြီး (ပဲခူး-ညောင်းလေးပင်ပိုင်း) မိုင်တိုင် (၄၀ / ၆)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်သော လက်ရှိလေးလမ်းသွားမှ ခြောက်လမ်းသွားအဆင့် ပေ ၉၀ လမ်းတာပေါင်တိုးချဲ့ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၉)က တာဝန်ယူ ဆောင်ရွက်နေသော အရှည်ပေ ၂၄၀ သနပ်ပင်မြို့တွင်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ရှောင်လမ်းအသစ် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေး၍ ကွန်ကရစ် ခင်းရာတွင် အောက်ခံလမ်းသား အမာခံရရှိပြီးမှ ကွန်ကရစ်ခင်းရန်၊ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့နှင့် စနစ်တကျ စစ်ဆေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း (ရန်ကုန်-နေပြည်တော်ပိုင်း) တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဦးစားပေးအလိုက် ကတ္တရာကွန်ကရစ် (AC)ခင်း၍ ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေး ဝဲ/ယာတို့တွင် သန့်ရှင်း သပ်ရပ်စေရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ သက်တမ်းကြာမြင့်ပြီးဖြစ်သော တံတားများ၏ ကြံ့ခိုင်မှုနှင့် တံတားအောက်ခြေ Abutment များ ရေတိုက်စားနိမ့်ကျသည်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရေး ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၄/၁) မှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက် အဝင် / အထွက် ပြုလုပ်နိုင်သည့် အရှည် ၃၀၈၄ ပေ ကတ္တရာ ကွန်ကရစ်လမ်းပိုင်းတွင် ခရီးသွားပြည်သူ များ မြင်သာသိသာစေရန် လမ်းညွှန်ဆိုင်းဘုတ်စိုက်ထူရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် U Turn နှင့် Guard Rail များ ၊ သတိပေးဆိုင်းဘုတ်များ ထားရှိရန် ၊ သစ်ပင်များ ၊ ပန်းအလှပင်များ မိုးဦးမကျမီ ပြုပြင်ထိန်းသိမ်းထားရှိရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး ကတ္တရာကွန်ကရစ် ခင်းပြီးမှု အခြေအနေ၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေး ဝဲ/ယာ သစ်ပင်များ၊ ပန်းအလှပင်များနှင့် ရေမြောင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်