နေပြည်တော် စက်တင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ရှမ်းပြည်နယ်(တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တည်ဆောက်ရေး အထူးအဖွဲ့များတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ မှာကြားသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများကို Work Schedule များရေးဆွဲ၍ တွန်းအားပေးဆောင်ရွက်သွားရန်၊ လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရန်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်တို့က ကြပ်မတ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် လွဲချော်မှုမရှိစေရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျွမ်းကျင်ကျင် နားလည်၍ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ မူဝါဒ၊ ညွှန်ကြားချက်နှင့် လုပ်ငန်းလိုအပ်ချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ လုပ်ထုံးလုပ်နည်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် တည်ဆောက်ရေးအထူးအဖွဲ့များမှ တာဝန်ခံများက လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ် ဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ငွေနှင့် အခြေခံစားကုန်များကို ထောက်ပံ့ပေးအပ်၍ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)