နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ  ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့တွင်းနှင့် ဒလမြို့တို့ကိုဆက်သွယ်သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရန်ကုန်ဘက် ခြမ်းရှိ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း Consultant Engineer Mr. Bae က စီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဦးစားပေးအလိုက် ရည်မှန်းချက်ထား ဆောင်ရွက်နေသည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက်  စီမံကိန်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြောသတ်မှတ်ခြင်းနှင့် Safety Facilities လိုအပ်ချက်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သွယ်တန်းလိုသည့်  ၀ ဒသမ ၅ မီတာ အချင်းရှိသော သောက်သုံးရေ ဂျိုးဖြူပိုက် လိုင်း သွယ်တန်းဆောင်ရွက်မည့်အခြေအနေ၊ ဒလဘက်ခြမ်းတွင် Toll Plaza တည်ဆောက်ရန် မြေနေရာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာအသုံးပြုရေး၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေး၊ ဘေးအန္တ ရာယ်ကင်းရှင်းရေးနှင့်  ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့များ၊ စီမံကိန်းလုပ်ငန်းများ အချိန်မီအောင်မြင်စွာပြီးစီးရေး ဦးစားပေးလုပ်ငန်းအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု၊ ဆင်ခြေလျောတံတား ဆောင်ရွက်ပြီးစီးမှု၊ ရေလယ်တိုင်လုပ်ငန်းများ ဆောင် ရွက်နေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလဘက်ခြမ်းသို့ ရေယာဉ်ဖြင့်သွားရောက်၍ Toll Plaza ဆောက်လုပ်မည့်နေရာ၊ ချဉ်းကပ်တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရေကြောင်းသွားလာသည့် သင်္ဘောများ အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးအချက်ပြများ၊ အမှတ်အသားများ ဆောင်ရွက်ထားရန် မှာကြားသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကြီးကို နိုင်ငံတကာ တံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  တံတားပုံစံ ထုတ်လုပ်ရာ၌ ရန်ကုန်မြို့တွင်းသို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာ အထိထားရှိခဲ့ရသဖြင့် ဆင်ခြေလျောတံတား(Ramp Bridges)များအား အတက်၊ အဆင်း(Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်းဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ် စေရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျောတံတားအရှည်တို့ကို တွက်ချက်ဆောင်ရွက်ခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ်နာရီ ၅၀ ကီလိုမီတာ နှုန်းနှင့် ဆင်ခြေလျော တံတားများတွင် တစ်နာရီ ၃၀ ကီလိုမီတာ နှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရှိရသည်။

သတင်းစဉ်