နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်  အဆောက်အဦဦးစီးဌာန၊ အဆောက်အ‌ဦအထူးအဖွဲ(၁)မှ တာဝန်ယူ တည်ဆောက် လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇) ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး အဆင့်မြင့် (၇)ထပ်ဆောင်ကို မြို့ပြ၊ ရေသန့်၊ လျှပ်စစ် စသည်ဖြင့် အပိုင်းလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလျာထားချက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလို သောလိုအပ်ချက်များကို ဆေးရုံအဆောက်အဦဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီ အောင် စိစစ်ဆောင်ရွက်ပေးသွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအလေးထား ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအဆင့်မြင့် (၇)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးလျှက်ရှိပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်လျှက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အထူးအဖွဲ့များ၊ သင်္ဃန်းကျွန်းခရိုင်၊ ကမာရွတ်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို  အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက် သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်သည် ပြည်သူများ သွားလာရေးနှင့် နေထိုင်ရေးလွယ်ကူ အဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ   လိုက်နာနေထိုင်ပြီး မိမိတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင် ရွက်စေလိုကြောင်း၊ လုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက  ပွင့်ပွင့်လင်းလင်း အချိန်မရွေး တင်ပြနိုင်ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်