ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)နှင့်  လမ်းဦးစီး ဌာန၊ စက်မှုဌာနခွဲရှိ စက်၊ ယာဉ်၊ ယန္တရားများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၇

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့  သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

စစ်ဆေးစဉ် ကျောင်းအုပ်ကြီးက ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၏ သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ၊ ဝန်ကြီးဌာနရှိဝန်ထမ်းများကို အရည်အသွေးမြှင့်တင်နိုင်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အခြေအနေ၊ နှစ်အလိုက် သင်တန်းများပို့ချနေမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သည် ပြည်ပအလုပ် အကိုင်များ ရရှိစေရေးအတွက် သက်မွေးပညာရပ်လုပ်သားကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ စစ်ဆေး အကဲဖြတ်ထုတ်ပေးရန်အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့(National Skills Standards Authority- NSSA) ဖွဲ့စည်း၍ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၁၀ နှစ်အတွင်း နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သား ၃၄၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့သဖြင့် နိုင်ငံတော် အတွက် အထောက်အပံ့ဖြစ်စေ၍ ပိုမိုအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီကို ဦးစီးဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အငယ်တန်းအင်ဂျင်နီယာများကို တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်း စိတ်များ၊ အရည်အသွေးနှင့် ဈေးနှုန်းစစ်ဆေးခြင်း(QA/QC) များကို မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်တွင် လုပ်ငန်းခွင်မပျက် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားနေသကဲ့သို့ ယခုသင်တန်းကျောင်း တွင်လည်း အခြားဝန်ကြီးဌာနများမှ အငယ်တန်းအင်ဂျင်နီယာများကို သင်ရိုးညွှန်းတမ်းနှင့်တကွ သင်ကြားပေး နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့်  စာတွေ့/လက်တွေ့ သင်ခန်းစာများကို မိမိလုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချသွားနိုင်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တို့၏ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ စက်မှုဌာနခွဲသို့ရောက်ရှိရာ တာဝန်ရှိသူက ဌာန၏ ဝန်ထမ်းနှင့် စက်ယန္တရားများ ပြင်ဆင်စုဖွဲ့ထားရှိမှု၊ တည်ဆောက်ရေးလုပ်ငန်းခွင် တွင် အသုံးပြုမည့် စက်၊ ယာဉ်၊ ယန္တရား အခြေအနေတို့ကို အသေးစိတ်ရှင်းလင်း တင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်၊ ယာဉ်၊ ယန္တရားများ ပြင်ဆင်စုဖွဲ့မှုအနေဖြင့် ပုံမှန် တည်ဆောက်ရေးလုပ်ငန်းများကိုသာမက အထူးစီမံကိန်းများနှင့် သဘာဝဘေးဒဏ်ကြောင့် အရေးပေါ် လိုအပ်သည့် နေရာများသို့ လိုအပ်ချက်အရ ချက်ချင်းပေးပို့ဆောင်ရွက်နိုင်သည်အထိ စက်၊ ယာဉ်၊ ယန္တရားများ ကောင်းမွန်နေရန် လိုအပ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလည်း အလေးထားဆောင်ရွက် ရန်လိုကြောင်းမှာကြားပြီး စက်၊ယာဉ်၊ ယန္တရားများ ထိန်းသိမ်းထားရှိမှု၊  စက်ယန္တရားများ သရုပ်ပြ စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)