နေပြည်တော်၊ ဇူလိုင် ၂၂
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ တည်ဆောက်လုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 
ဦးစွာ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြည်ထောင်စု အဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ ရန်ပုံငွေများ လျာထားသတ်မှတ်ရာတွင် အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး တွက်ချက်လျာထားနိုင်ရေး၊ လုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းများ စနစ်တကျရေးဆွဲနိုင်ရေး၊ သုံးစွဲမည့် ပစ္စည်းများမှန်ကန်မှု ရှိ၊ မရှိနှင့် အရည်အသွေးပြည့်မီမှု ရှိ၊မရှိ စစ်ဆေးနိုင်ရေး၊ ညွှန်ကြားချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက လိုအပ်ချက်နှင့် ညီညွတ်သော ဗိသုကာပုံစံများ၊ Structure ဒီဇိုင်းပုံစံများကို မြေပြင်အနေအထားအရ ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော အရည်အသွေးမီ၊ စံချိန်စံညွှန်းမီ အဆောက်အဦများ တည်ဆောက်နိုင်ရေး၊ ရေသန့်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများကို မှန်ကန်စွာ စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့်  လက်တွေ့လုပ်ကိုင်နေရသော လုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်သည့်အတွက် သင်တန်းတက်ရောက်ခြင်းအားဖြင့် အကျိုးရှိသော ရလဒ်ကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ကြိုးစားလေ့လာကြစေလိုကြောင်းနှင့် လက်တွေ့အသုံးချနိုင်ရန် ပြန်လည်ဖြန့်ဝေစေလိုကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန (၁၂) ခုမှ သင်တန်းသား / သင်တန်းသူ (၃၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်သင်ကြား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်